မြန်မာ့အရေး ကုလနဲ့ အာဆီယံ ပူးပေါင်း လုပ်ဆောင်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres။ (Photo: AFP)

စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ မြန်မာနိုင်ငံက လူအသေအပျောက်များနေတဲ့ အကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်ဖို့ အာရှနိုင်ငံက ခေါင်းဆောင်တွေ အထူးကြိုးစားပေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ကပဲ တိုက်တွန်းလိုက်တယ်လို့ ကုလသမဂ္ဂရဲ့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ရေးနဲ့ သံတမန်ရေးတွေမှာ အာဆီယံနိုင်ငံတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ် Mr. Guterres က ပြောခဲ့တာပါ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အရေးပေါ်ပြဿနာကို အာဆီယံဒေသတွင်းမှာ ရင်ဆိုင်နေရတာကြောင့် အာဆီယံအသင်းရဲ့အခန်းကဏ္ဍက မကြုံစဖူး ပိုပြီးအရေးကြီးနေရာမှာရှိနေပြီလို့ အတွင်းရေးမှူးချုပ် Mr. Guterres က ပြောပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ရေးကို ကူညီကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်။ အခုချိန်မှာ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ပူးပေါင်းလုပ်ဆောင်မှုက လုံးဝမရှိမဖြစ် လိုအပ်တယ်လို့လည်း Mr. Guterres က ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာလည်း အခု အာဆီယံဒေသမှာ ရောက်နေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံပြန်ရောက်ရေးနဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုတွေ မြန်မာနိုင်ငံမှာ ပြန်ရှိလာရေး မြန်မာစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စဖို့ ကုလအထူးကိုယ်စားလှယ် Ms. Burgenerက အဆင်သင့် ဖြစ်နေပြီလို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

Ms. Burgenerဟာ ဧပြီလ ၉ရက်နေ့ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတာပါ။ အာဏာသိမ်း စစ်ကောင်စီကတော့ Ms. Burgenerကို မြန်မာနိုင်ငံ လာခွင့်မပေးသေးပါဘူး။

မြန်မာနိုင်ငံက အခြေအနေတွေကို ဆွေးနွေးကြဖို့ အာစီယံထိပ်သီးအစည်းအဝေးကို လာမယ့်စနေနေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး ဒီထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာပဲ အာဆီယံဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။