ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanhee Lee ကပြီးခဲ့တဲ့ နိုဝင်္ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီလိုလားမှုကို အထင်အရှားပြသခဲ့တဲ့ သမိုင်းဝင် အဖြစ်အပျက်ပါပဲလို့ ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မတ်လ ၁၄ ရက်နေ့က တင်ပြခဲ့ရာမှာ အရင်က နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့သူ ၁ဝဝ ကျော်ဟာ အခု ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်တွေအတွင်း ရောက် ရှိနေကြပြီဖြစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်အတွက် စိမ်ခေါ်မှုတွေ အများကြီးရှိနေကြောင်း၊ လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ် ၂၅%ပါဝင်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အခက်အခဲရှိနေကြောင်း၊ ဒါ့အပြင် စစ်တပ်က အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုကို ချုပ်ကိုင်ရယူထားကြောင်း ၊ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ကိုက်ညီခြင်းကင်းမဲ့တဲ့ ဥပဒေတွေကလည်း ရာနဲ့ချီပြီး ရှိနေဆဲဖြစ်ကြောင်း စသဖြင့် ကုလအထူး ကိုယ်စားလှယ် ယန်ဟီးလီ က အစီရင်ခံ ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်ပွားနေတာကို ခိုင်ခိုင်မာမာ အရေးယူဖို့လိုအပ်နေကြောင်း၊ ရိုဟင်ဂျာ မွတ်စလင်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ သွားလာမှုကန့်သတ်ချက်တွေကို ကြုံတွေ့နေရကြောင်း၊ အစိုးရသစ်အတွက် အဲ့ဒီပြသနာကို ဖြေရှင်းဖို့ အင်မတန် ခက်ခဲမှာဖြစ်သလို ဆန့်ကျင်မှုတွေနဲ့လည်း အကြီးအကျယ် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း၊ ဒါပေမဲ့ ဒီကိစ္စကို မလွှဲ မရှောင်သာဖြေရှင်းရမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း ကူညီပံ့ပိုးနိုင်ပါကြောင်းနဲ့ မွတ်စလင်နဲ့ ရခိုင်လူမှု အဖွဲ့အစည်း ၂ ခုကို ဆက်လက်ခွဲခြားထားမယ်ဆိုရင် ပြန်လည်ပေါင်းစည်းရေးဆိုတာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ကြောင်း ယန်ဟီးလီ ကတင်ပြခဲ့ပါတယ်။
ဒါ့အပြင် တခြားတိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာကလည်း နောက် ထပ်ပြဿနာတရပ်ဖြစ်ကြောင်း၊ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအပြင် လက်မှတ်ထိုးခွင့်မရခဲ့တဲ့ အဖွဲ့တွေလည်း ရှိကြောင်း၊ တိုက်ပွဲတွေကြောင့် နေရပ်ဇာတိကနေ ထွက်ပြေး တိမ်းရှောင်နေရသူတွေကလည်း ထောင်သောင်းများစွာရှိနေကြောင်း စသဖြင့် ကုလလူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
မစ်ယန်ဟီးလီရဲ့ တင်ပြချက်မှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ကုလ လူ့အခွင့်ရေးကောင်စီဝင် နိုင်ငံတွေကက တုန့်ပြန်ပြောဆိုကြရမှာ ဥရောပနိုင်ငံများအဖွဲ့က နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ထောက် ခံကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသစ်ကို အပြည့်အဝ ထောက်ခံကူညီမှာဖြစ်ကြောင်း ပြော ဆိုပါတယ်။
ဂျပန်အစိုးရကလည်း မြန်မာပြည်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မျှတလွတ်လပ်ပုံကို ချီးမွမ်းကာ အားကိုးရာမဲ့ ချို့တဲ့နေတဲ့ လူမှုအသိုင်းအဝန်းတွေကို လက်ရှိနဲ့ အနာဂတ်အစိုးရအားလုံးက အရေးထားဖို့လိုကြောင်း ပြော ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာအစိုးရအနေနဲ့ လမ်းကြောင်းမှန်အတိုင်း လျေှက်လှမ်းခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် လွှတ်တော်မှာ စစ်တပ်က သြဇာဆက်လက်လွှမ်မိုးနေမှုနဲ့ တိုင်းရင်းသားလူနည်းစုတွေ အပေါ် အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရကတော့ မြန်မာပြည်ဟာ အစီအစဉ်တကျ လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး အစဉ်အလာတွေအတိုင်း ဆက်လက်ဖွံဖြိုးတိုးတက်နေမှာဖြစ်ကြောင်း၊ တရုတ်ပြည်က မြန်မာနဲ့ ဆက်ဆံရေးကို တိုးတက်ဖွံဖြိုးအောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်ရဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် မြန်မာတွေ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတာကို လေးစားကြဖို့လိုကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံကိုယ်စားလှယ်ကတော့ မြန်မာပြည်ရဲ့ လူ့အခွင့်ရေးဆောင်ရွက်မှုတွေဟာ အပြုသဘောဆောင်ကြောင်း နဲ့ ရွေးကောက်ပွဲရဲ့ မျှတပွင့်လင်းမှုကို ကြိုဆိုကြောင်းပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanhee Lee က နိဂုံးချုပ်အနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လူ့အခွင့်ရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ ရွာပုန်းရွာရှောင်တွေရဲ့ဘဝအခက်အခဲတွေကို ဖြေရှင်းဖို့ မလွဲမသေလိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးထားရှိခြင်းဖြင့် တိုင်းပြည် အတွက် အကျိုးရှိမှာဖြစ်ကြောင်း၊ အခု အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရမယ်လို့ သူမအနေနဲ့ မျှော်လင့် ပါကြောင်း စသဖြင့်ပြောကြားရင်း အခုအချိန်ဟာ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း ပြဿနာတွေ ကို ပြစ်တင်ပြောဆိုနေရမယ့် အချိန်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အမှန်အတိုင်းမြင်ဖို့ လိုကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ လူမျိုးဘာသာ မတူသူတွေအကြား လိင်ကိစ္စ မတရားပြုကျင့်မှု ဆိုတာနဲ့ပတ်သက်လို့ မလိုအပ်တဲ့ချဲ့ကား ပြောဆိုနေတာတွေရှိကြောင်းနဲ့ ဘာသာရေးကို ရှေ့တန်းတင်ပြီး အမုန်းတရားပွားများအောင် ပြောကြားလုပ်ဆောင်နေကြတာတွေကိုလည်း ရှောင်ကျဉ်သင့်ကြောင်း စသဖြင့် လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ က ဂျနီဗာမြို့မှာ ပြောဆို လိုက်ပါတယ်။
