နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှု လျှော့ချမယ်ဆိုရင် အချိန်အကန့်အသတ် သိလိုဟု UNA ထုတ်ပြန်

2019-02-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကကျင်းပခဲ့စဉ်
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကကျင်းပခဲ့စဉ်
Photo: United Nationalities Alliance

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်က နိုင်ငံရေးမှာပါဝင်နေတာကို လျှော့ချမယ်ဆိုရင် အချိန်အကန့်အသတ် အတိအကျဖော်ပြပေးစေလိုတယ်လို့ UNA စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းက မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက ရန်ကုန်မြို့ ဖိုးစိန်လမ်းက Best Western Green Hill ဟိုတယ်မှာ UNA ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းပြီး အဲဒီလို ထုတ်ပြန်လိုက်တာလို့ UNA အဖွ့ဲဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွက်ဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို ဒီနေ့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သဘောထားမပါဘဲ ပြင်ဖို့၊ အသစ်ရေးဖို့ဆိုတာ ခက်ခဲနေဦး မှာဖြစ်လို့ နိုင်ငံရေးမှာ ပါဝင်နေတာကို လျှော့ချဖို့အတွက် အချိန်အတိအကျ သိချင်တာဖြစ်တယ်လို့ ရှင်းပြသွား ပါတယ်။

တပ်မတော်အနေနဲ့ ဥပဒေပြုရေးကဏ္ဍဖြစ်တဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေးကဏ္ဍဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဌန ၃ ခုတို့မှာ နေရာယူထားတဲ့အတွက် နိုင်ငံရေးနယ်ပယ်ကနေ ဆုတ်ခွာဖို့ မေတ္တာရပ်ခံတယ်ဆိုပြီး အချက်တစ်ချက်အနေနဲ့ ထည့်သွင်းတောင်းဆိုထားပါတယ်။

လက်ရှိနိုင်ငံရဲ့ပြဿနာနဲ့ ရှေ့အရင် ခေတ်အဆက်ဆက်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်လို့ပဲ UNA က သုံးသပ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် (ဒါမှမဟုတ် ) အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က အခုလိုပြောပါတယ်။

‘’ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိပြဿနာရောရှေ့မှာ တောက်လျှောက်ဖြစ်လာတဲ့ အကုန်လုံးရဲ့အရင်းခံအမြစ်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ပြဿနာလို့ပဲ ကျွန်တော်တို့သုံးသပ်တယ်၊ အဲဒါကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မပြုမပြင်နိုင်ဘူးဆိုရင် ပြဿနာအရင်းအမြစ်ကလည်း ပြေငြိမ်းသွားမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ပဲဖြစ်ဖြစ် ပြန်လည်ပြုပြင်ဖို့ပဲဖြစ်ဖြစ် တပ်မတော်ရဲ့ သဘောထားမပါပဲ လုပ်လို့မရဘူး၊ တပ်မတော်အနေနဲ့ တိုင်းပြည်အကျိုးကိုတစ်ကယ် ရှေးရှုပြီးတော့မှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်နိုင်ဖို့အတွက် နိုင်ငံရေးမှာပါဝင်မှှုကိစ္စကိုလျှော့ချဖို့ အချိန်အကန့်အသတ် အတိအကျကိုဖော်ပြဖို့ ကျွန်တော်တို့ကဝိုင်းပြီးတော့မှ တောင်းဆိုလိုက်တာပါ’’

အဲဒီဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့တဲ့ မွန်အမျိုးသားပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နိုင်စိုးမြင့် ကလည်း အခုလိုပြောပါတယ်။

‘’ဒါကအလောတကြီး တောင်းဆိုတာတော့ မဟုတ်ဘူး တပ်မတော်အနေနဲ့ တပ်ရဲ့ကဏ္ဍကိုပဲ သူ့အနေနဲ့ လုပ်သင့်တယ်ဆိုတဲ့အမြင်ပေါ့၊ ဒါကအခြေခံကျပြီးသား ဖွဲ့စည်းပုံမှာရော တပ်မတော်ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ မပါသင့်တော့ဘူးလေ၊ ဒီ constitution မှာဘယ်လောက်ပါဝင်မလဲ၊ အဆောတလျှင် တောင်းဆိုတာတော့မဟုတ်ဘူး အချိန်ခါနဲ့ကိုက်ပြီးတော့ တပ်မတော်က တစ်နေ့နေ့သွားရမှာ သူတို့လည်း တပ်ပြန်မယ်ပြောထားတာ၊ သူတို့ ပြောဆိုချက်နဲ့အညီ ဘယ်တော့ပြန်မယ် ဘယ်နေ့ပြန်မယ်နောက် ၅ နှစ်လား ဘယ်လောက် ၂၀ ရာခိုင်နှုန်းကျန်မယ် ၁၀ ရာခိုင်နှုန်းကျန်မယ် ဒီနှစ်ခုကိုတော့ တပ်ဖက်ကလည်း အဆုံးအဖြတ်သိနေပြီဆိုတော့ ကာယကံပြုတာပါ’’

UNA ထုတ်ပြန်ချက်ဖြစ်တဲ့ တပ်မတော် နိုင်ငံရေးမှာ ပါဝင်မှု လျော့ချပေးရေးတောင်းဆိုမှုနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိတော့ ဆက်သွယ်လို့မရခဲ့ပါဘူး ။

မကြာသေးခင်ရက်ပိုင်းကလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်အနေနဲ့ လက်ရှိပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ချုပ်ငြိမ်းသွားမှသာ နိုင်ငံရေးကနေ ဆုတ်ခွာမယ်လို့ ရှင်းလင်းပြောကြားခဲ့တာလည်းရှိခဲ့ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦးက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

‘’ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မရှိတော့ဘူး ငြိမ်းချမ်းသွားရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောထားပါတယ်၊ ကျွန်တော်တို့တပ်မတော်က နိုင်ငံရေးကနေပြီးတော့ ဆုတ်ခွာဖို့အစီအစဉ်ရှိပါတယ်’’

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်စိုးနိုင်ဦး ပြောကြားသွားတာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အခြေခံဥပဒေကိုအခြေခံရမယ့် မူ ၄၈ ချက်ကို ထိန်းသိမ်းဖို့ တာဝန်ရှိပြီးကျန်တဲ့အချက်တွေကို ပြင်ဆင်မယ်ဆိုရင် ဥပဒေနဲ့ အညီဆောင်ရွက်ပါက ထောက်ခံသွားမယ်လို့လည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ဆုတ်ခွာဖို့ဆိုရာမှာ မျှော်လင့်ချက်နည်းနေတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကပြောပါတယ်။

‘’ဘယ်တော့မှမဆုတ်ဘူးလို့ အဓိပ္ပါယ်ကတော့ ကျွန်တော်တို့ အဲလိုပဲမြင်ပါတယ်၊ ဘာဖြစ်လို့လဲဆို ဒီနိုင်ငံ မှာနေပြီးတော့ တိုင်းရင်းသားတွေကနေ လက်နက်ကိုင်ရတယ်ဆိုတာက တိုင်းရင်းသားတွေရဲ့မူလရိပိုင်ခွင့်တွေ ဖြစ်တဲ့ အခွင့်အရေးတွေမရလို့ တိုက်ပွဲဝင်လာကြတာလေ၊ ဒီလက်နက်ကိုင်မရှိမှဆိုတော့ ဒီငြိမ်းချမ်းရေးလည်း မရဘူးဆိုတော့ ဒီလက်နက်ကိုင်တဲ့တိုင်းရင်းသားတွေ လက်နက်မရှိရင် ဒီထက်ပိုဆိုးမယ်ဆိုတော့ အခုက လက်နက်ရှိတဲ့ အဖွဲ့အစည်းတွေကိုမှ စကားပြောတာတွေရှိတယ်လေဗျာ၊ လက်နက်ရှိတယ်ဟာတောင် နဲနဲ ပါးပါးတောင် မရဘူး၊ သူတို့ကိုထိခိုက်နိုင်အောင်ဆိုတဲ့ အနေအထားမျိုး ကျွန်တော်တို့နိုင်ငံရဲ့ လွဲနေတဲ့ အလွဲတွေပေါ့၊ ဒါပေမဲ့ တစ်ကယ့်မြေပြင်မှာက အဲလိုဖြစ်နေတယ် အားရှိတဲ့အဖွဲ့အစည်းနဲ့မှ သူတို့က အဖက် လုပ်စကားပြောတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်နေတယ်၊ သူတို့ပြောတဲ့ပုံစံမျိုးဆိုရင် ဘယ်တော့မှ တပ်မတော်က နိုင်ငံရေးကနေ ဆုတ်သွားမယ် မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးပေါ့ ’’

လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော်ထဲမှာတပ်မတော်၊ တိုင်းရင်းသားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဖွ့ဲစည်းထားပါတယ်။

အခု UNA ရဲ့ ကြေညာချက်ထုတ်ပြန်ချက်ကလည်း ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကို ရည်မှန်းလို့ ရည်ရွယ်ချက်ချင်းတူမယ်ဆိုရင် အခုထုတ်ပြန်ချက်ဟာ အထောက်အကူဖြစ်နိုင်ပါတယ်လို့လည်း UNA ခေါင်းဆောင် တွေက ပြောကြပါတယ်။

အစည်းအဝေးကို UNA အဖွဲ့ဝင်ပါတီ ၁၅ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ကြသလို မိတ်ဖက်ပါတီတွေနဲ့ တိုင်းရင်းသားအရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့