ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာလ ၂၅ရက်နေ့က စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် Federal News ဂျာနယ်က အယ်ဒီတာ ကိုစိုင်းဝင်းအောင် ခေါ် အေစိုင်းကေ သေဆုံးခဲ့ရတဲ့ လုပ်ရပ်အပေါ် အပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ်ပါတယ်။
ပြည်သူတွေအတွက် သတင်းတွေ သိနိုင်အောင် ကိုစိုင်းဝင်းအောင်လို မီဒီယာသမားတွေက အသက်စွန့်ပြီး လုပ်နေကြရတဲ့အကြောင်း၊ သတင်းမီဒီယာသမားတွေရဲ့ လုပ်ဆောင်မှုတွေဟာ အသိအမှတ်ပြု ခံရသင့်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ သတင်းသမားတွေ အပါအဝင် အရပ်သူအရပ်သားတွေရဲ့ လုံခြုံရေးကို အကာကွယ်ပေးရမှာ ဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ချုပ် Audrey Azoulay က ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သတင်းသမားတွေ သေဆုံးနေရလို့ နိုင်ငံတကာက စစ်ကောင်စီကို တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ကြဖို့ကိုလည်း RSF နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က တိုက်တွန်းထားပါတယ်။
အယ်ဒီတာ ကိုစိုင်းဝင်းအောင်မတိုင်ခင် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်လည်း စစ်ကောင်စီလက်ချက်နဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါသေးတယ်။