တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ဝါးဇွန်းအုပ်ကျေးရွာက ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်ခြံမြေတွေထဲမှာ တပ်မတော် လေ့ကျင့်ရေးကျောင်းက စစ်ရေးလေ့ကျင့်ပြီး မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေ ကျန်ရှိနေတာကြောင့် ဒေသခံရွာသားတွေဟာ ပေါက်ကွဲမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင်ရေးတပ်က တပ်မတော်သားတွေဟာ လက်ပစ်ဗုံးပစ်လေ့ကျင်ခန်းပြုလုပ်ခဲ့ပြီး လက်ပစ်ဗုံး ၁၀ လုံးကျော်ဟာ မပေါက်ကွဲသေးဘဲ ဒေသခံတွေ လုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံတွေထဲမှာ ကျန်ရှိနေတာဖြစ်ပါတယ်။
ဒီလက်ပစ်ဗုံးတွေကို ကလေးငယ်တွေ ဆော့ကစားပြီးပေါက်ကွဲမှာကို ဒေသခံတွေက စိုးရိမ်နေကြသလို ခြံတွေထဲသွားရမှာ မိုင်းအပါအဝင် တခြားလက်နက်တွေ ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ကမ်းရိုးတန်းစစ်ဌာနချုပ်က တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးက လေ့ကျင်ပြီးကျန်ရှိတဲ့ ဗုံးတွေကို ဖောက်ခွဲဖျက်စီးလေ့ရှိပြီး နေရာအတိအကျသိရင် သွားရောက်ပြီး ဖောက်ခွဲဖျက်ဆီးပေးမယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာဖြစ်ပါတယ်။
