မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အစိုးရစစ်တပ်က ဖြစ်စေချင်တဲ့ DDR ခေါ် လက်နက်ဖြုတ်သိမ်းရေးကို မလိုလားတဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နည်းလမ်းရှာဖွေနိုင်အောင် ဆွေးနွေးကြတာဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။
"ဒီနိုင်ငံရေး ပြဿနာကို စားပွဲခုံပေါ်မှာ ဖြေရှင်းတဲ့အခါကျရင် အဓိက အမြင်မတူတဲ့အပိုင်းကလေ တပ်မတော်ကို အနာဂတ်မှာ ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုဆက်လက်ထားရှိမလဲ ဆိုတဲ့ အပေါ်မှာ တော်တော်လေးညှိရမယ်လို့ ကျနော်ထင်တယ်၊ အစိုးရတပ်မတော်ဖက်က ဆိုရင်လဲ DDR ကိုပဲ အခြေခံတယ်၊ ကျနော်တို့တပ်တွေကို ဖျက်သိမ်းပြီးတော့၊ ကျနော်တို့ဖက်ကလဲ ကိုယ့်ဖက်က အာမခံချက်မရှိတဲ့ပုံစံမျိုးနဲ့ ကျနော်တို့က အဲ့ဒါကိုလက်မခံချင်ဘူး၊ ကျနော်တို့ကတော့ SSR ကိုလိုချင်တယ်၊ တချို့နိုင်ငံတွေမှာ ဒီပြဿနာကို ဘယ်လိုဖြတ်သန်းခဲ့လဲ ဆိုတဲ့ဟာကိုလေ့လာရတာပေါ့၊ အခုဟာက အဲ့ကိစ္စဖြေရှင်းတဲ့အခါကျရင်အထောက် အကူဖြစ်ဖို့ ဒီကိစ္စကိုလေ့လာတာပါ"
ဒီနေ့ ဆွေးနွေးပွဲမှာ နီပေါ နိုင်ငံက စစ်ဗိုလ်ချူပ်ဟောင်းတစ်ဦးက အပစ်အခတ်ရပ်စဲရေး လေ့လာစောင့်ကြည့် ရေး ကိစ္စ၊ ကာကွယ်ရေးနဲ့ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း အတွေ့အကြုံတွေကို ဆွေးနွေးခဲ့ပြီး ဗြိတိန်နိုင်ငံ တက္ကသိုလ်တစ်ခုက ပါမောက္ခ တစ်ဦး ကလည်း ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အကောင်အထည် ဖေါ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ဥပဒေအထောက်အကူပြု Legal Aid Network (LAN) အဖွဲ့ကိုထူထောင်တဲ့ လူ့အခွင့်အရေး ရှေ့နေ တစ်ဦးဖြစ်သူ ဦးအောင်ထူး ကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သုံးသပ် ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက တတ်သိပညာရှင်တွေ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။
သုံးရက်ကြာ ကျင်းပမယ့် အဲဒီဆွေးနွေးပွဲမှာ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်ဆိုင်ရာ ကျင့်ထုံးကိစ္စတွေ အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နဲ့ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို သုံးသပ် ဆွေးနွေးကြမယ်လို့သိရပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC မှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီLDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA စတဲ့ အဖွဲ့တွေ ပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
