UNFC ညီလာခံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း


2017.03.14
unfc-meeting-620.jpg UNFC စည်းအဝေး ကျင်းပနေစဉ်
Photo: Aung Moe Myint/RFA

မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ပြင်းထန်နေတာကြောင့် မူလက မတ်လ ၂၃ ရက်နေ့မှာ ကျင်းပ ဖို့ ပြင်ဆင်ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့  ဒုတိယအကြိမ် ညီလာခံကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

UNFC ရဲ့  အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

"အမှန်ကတော့ ဒီညီလာခံကို သတ်မှတ်ရက် ၂၃ ရက်နေ့မှာ စတင်ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့က အစီရင်ခံစာကို ကျနော်တို့က ညှိလိုက်တယ် အတည်ပြုလိုက်တယ်၊ ဗဟိုအလုပ်အမှုဆောင် အဆင့်ပေါ့နော်။ နောက်ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ ပြန်သုံးသပ်ပြီးတော့မှ တချို့ကို ပြင်ဆင်ဖြည့်စွက် တယ် အတည်ပြုတယ်၊ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ စစ်ရေး နိုင်ငံရေး အခြေအနေကြောင့်ပေါ့ဗျာ ညီလာခံကို ဒီသတ်မှတ်ရက်အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး နိုင်ငံရေး ပြဿနာက တော်တော်လေးကို အခက်အခဲရှိနေတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ကတော့ ဒီအခက်အခဲကို အေးအေးဆေးဆေး နဲ့ ဖြတ်ကျော်နိုင်ဖို့အတွက်ပေါ့လေ နည်းလမ်းရှာတဲ့အနေနဲ့ ညီလာခံကို ရွှေ့လိုက်တာဖြစ်တယ်။ အခက်အခဲဆိုတာကတော့ ပန်ဆန်းမှာဟိုမှာကတော့ သူတို့ကတော့ NCA လိုင်းကို မသွားတော့ဘူး ဒီဘက်ကလည်း ကျနော်တို့ NCA လိုင်းကို ညှိနေတာလည်း တော်တော်လေးကို နည်းနည်းတိုးတက်လာ ပြီပေါ့နော်၊ အဲ့လိုအမြင်မတူတဲ့ အနေအထားနှစ်ခုကြားမှာ ကျနော်တို့ကတော့ မကိုင်တွယ်တတ် ရင်ပေါ့နော် ကျနော်တို့ထဲမှာလည်း အမြင်တွေ ကွဲနိုင်တယ် နောက်အခြေအနေကလည်း စစ်ရေး ကလည်း တိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ မြင်တယ် ဒါကြောင့် ကျနော်တို့ကတော့ အချိန်ယူလိုက်တာဖြစ်တယ်။"

သုံးရက်ကြာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒါ့အပြင်  ငြိမ်းချမ်းရေးကော်မရှင်တို့နဲ့ တွေ့ ဆုံဆွေးနွေးရာမှာ UNFC ရဲ့ အဆိုပြုချက် ၉  ချက်အပေါ် ဆွေးနွေးခဲ့တဲ့ ရလဒ်အပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

အဲဒီအချက် ၉  ချက် ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား  မူအရ လက်ခံလာပြီးဖြစ်ပေမယ့် ပိုပြီးခိုင်မာအောင် ပြန်လည်ညှိနှိုင်းဖို့ လိုနေသေးတဲ့အတွက်ကြောင့် အစိုးရနဲ့ ဆက်ဆွေးနွေး ညှိနှိုင်းပြီးမှ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နိုင်ဟံသာ က ပြောပါတယ်။

UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ပန်ခမ်းဌာနချူပ်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးရဲ့ ထုတ်ပြန်ချက် အပေါ် ဆွေးနွေးတာရှိပေမယ့် တစ်စုံတစ်ရာ သုံးသပ်ပြောဆိုဖို့ ငြင်းဆိုပါတယ်။

လက်ရှိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်မှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO စတဲ့အဖွဲ့ ၇ ဖွဲ့ ပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရသေးတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။