ကုလကြေညာချက် တဖက်သတ်စွပ်စွဲချက် ဟု နိုင်ငံခြားရေးဌာန ပြောကြား

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကုလဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်မရဘူးဆိုပြီး UNHCR နဲ့ UNDP က သတင်းထုတ်ပြန်တာဟာ တဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဒုက္ခသည် ပြန်လည်ခေါ်ယူရေးလုပ်ငန်းတွေကို ထင်သာမြင်သာနဲ့ တိုးတက်မှုရှိအောင် အမြန်ဆုံးဆောင်ရွက်ဖို့ မနေ့က ကုလအဖွဲ့တွေဘက်က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကုလဝန်ထမ်းတွေ လွတ်လပ်စွာသွားလာခွင့်နဲ့ နေထိုင်သူတွေကိုလည်း တခြားနေရာတွေကို လွတ်လပ်စွာသွား လာခွင့်တွေပေးဖို့ ထည့်သွင်းတောင်းဆိုခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ပြောကြားတာလည်းဖြစ်ပါတယ်။

ဒီလို နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂအဖွဲ့အစည်း ၂ ခုက ကြေညာချက်ထုတ်ပြန်တာကို တုံ့ပြန်တဲ့အနေနဲ့ ဒီသဘောတူညီထားချက်တွေကို အကာင်အထည်ဖော်ဖို့ မောင်တောနဲ့ ဘူးသီတောင်မြို့ နယ်တွေက ကျေးရွာ ၂၃ ရွာကို ကွင်းဆင်းလေ့လာမှုတွေ စတင်ဆောင်ရွက်တော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ကွင်းဆင်းလေ့လာမှုတွေ ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ဝန်ထမ်းတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လိုအပ်သလို ခရီးသွားလာခွင့် ပြုမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဖိတ်ကြားမှုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး အဘူလ်ဟက် ဆန်မာမွတ်အလီဟာ နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာပြီး ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိသလို ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ရန်ကုန်မြို့တွေကို သွားရောက်ဖို့ရှိတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ခရီးစဉ်အတွင်း ဒုက္ခသည်တွေပြန်လည်လက်ခံရေးကို အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။