စစ်ရေးပဋိပက္ခဒေသက ကလေးတွေအတွက် အထူးစိုးရိမ်ကြောင်း ယူနီဆက်(ဖ်) ထုတ်ပြန်


2019.05.29
rakhine-refugees-622.jpg ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက ကလေးများကို ၂၀၁၉၊ မတ် ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာတာနဲ့အမျှ ကလေးသူငယ်တွေ အသက်ဆုံးရှုံးနေရတယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်(ဖ်)က အထူးစိုးရိမ်နေရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အရှိန်မြင့်တက်လာတဲ့ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခမှာ ကလေးသူငယ်တွေဟာ တိုက်ရိုက်ပစ်မှတ်ထားခံရတဲ့အပြင် မတော်တဆကျည်သင့်တာ၊ မြေမြှုပ်မိုင်းနဲ့ လက်လုပ်ဗုံး ပေါက်ကွဲတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ စာသင်ကျောင်းတွေကို စစ်ဖက်အတွက် အသုံးပြုနေတာတွေကြောင့်လည်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ အသက်အန္တရာယ် ရင်ဆိုင် ကြုံတေ့ွနေရတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်တဲ့အကြောင်း ယူနီဆက်(ဖ်)က မေလ ၂၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ကလေးသူငယ်တွေကို သတ်ဖြတ်တာနဲ့ အပြင်းအထန် ဒဏ်ရာရစေတာဟာ ကလေးသူငယ်များ အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်မှုဖြစ်ပြီး အရပ်ဖက်အဆောက်အဦးတွေဖြစ်တဲ့ စာသင်ကျောင်းနဲ့ ဆေးရုံလိုနေရာမျိုးတွေကို စစ်ရေးအတွက် အသုံးပြုတာဟာ ကလေးသူငယ်၊ ကျောင်းဆရာ၊ ဆရာမနဲ့ ဆရာဝန်အစရှိတဲ့ ဝန်ထမ်းတွေကို အန္တရာယ်ရောက်စေတယ်လို့ ယူနီဆက်(ဖ်) က ထောက်ပြထားပြီး ကလေးသူငယ်များ အခွင့်အရေးနဲ့ သူတို့အတွက် လုံခြုံရေးကို ဂရုပြုဆောင်ရွက်သွားဖို့ကိုလည်း ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးကို တိုက်တွန်းထားပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အပါအဝင် စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ကလေးသူငယ်တွေဟာ အကြမ်းဖက်မှုတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ကြီးကြီးမားမား ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ရှိနေတဲ့အပြင် ပညာရေးပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိနေကြောင်း Save The Children အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ပွဲကြောင့် ထိခိုက်မှုတွေရှိနေတဲ့ ကလေးတွေကို အကာအကွယ်ပေးရေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်ဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်းနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးတွေအပေါ် ကြီးလေးတဲ့ ချိုးဖောက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှု လုပ်ရပ်တွေ အဆုံးသတ်ရေး ကြိုးစားဖို့ကိုလည်း Save The Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Michael McGrath က တိုက်တွန်းထားပါတယ်။

Save The Children အနေနဲ့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံက ကလေးသူငယ်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားခွင့်၊ အာဟာရပြည့်ဝစွာ စားသုံးရမှု၊ အသက်မပြည့်မီ အိမ်ထောင်ကျခြင်းကို အကာအကွယ်ရရှိမှု စတဲ့ အချက်တွေကို လေ့လာပြီး နှစ်စဉ် အစီရင်ခံစာတွေ ထုတ်ပြန်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ အဆင့် ၁၀၉ မှာ ရှိနေပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရေးအတွက် Save The Children အဖွဲ့က အစိုးရကို တိုက်တွန်းထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် နဲ့ ကိုကျော်ထွန်းနိုင် တို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။