ပြည်ထောင်စုဝန်ကြီးများ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင် ငြိမ်းချမ်းရေး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦိးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့ ပါဝင်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ နေပြည်တော်မှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံက ဒု-သမ္မတဟောင်း Jusuf Kalla၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Sutarto၊ လူ့အခွင့်အရေးနဲ့ တရားရေး ဝန်ကြီးဟောင်း Hamid Awaludin နဲ့ ဖိလစ်ပိုင်နိုင်ငံက သမ္မတရဲ့ အကြံပေးအရာရှိ Teresita Deles, ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Alexander Yano တို့ တက်ရောက်ကြတယ်လို့ ဘာနားမား သတင်းတစ်ရပ်က ဆိုပါတယ်။

တခြားနိုင်ငံတွေက ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အတွေ့အကြုံတွေထဲက အားသာချက် အားနည်းချက်တွေကို လေ့လာရတဲ့အခါမှာ မြန်မာ အစိုးရအနေနဲ့ ပိုမိုသင့်တော် ကောင်းမွန်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာအရာရှိတွေက ပြောကြားကြောင်းလည်း ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတရဲ့ အကြံပေးအရာရှိ Teresita Deles ကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်း မတူညီကြပေမယ့် တချို့ကိစ္စရပ်တွေမှာ သင်ခန်းစာ ယူနိုင်တာတွေ ရှိကြောင်း၊ ငြိမ်းချမ်းရေး ဖော်ထုတ်ချင်တဲ့ နိုင်ငံချင်း အတွေ့အကြုံ ဖလှယ်တာ လျော်ကန် သင့်တော်ကြောင်း ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org