နေပြည်တော်မှာ ၅ ရက်ကြာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ကို မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ဆက်လက်ကျင်းပပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒရေးရာကိစ္စတွေကို အစုအဖွဲ့ခွဲပြီး ဆွေးနွေးကြပါတယ်။
အစိုးရအစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ပြင်ပ ပညာရှင်အစုအဖွဲ့ဆိုပြီး အဖွဲ့တွေခွဲပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။
နိုင်ငံရေးကဏ္ဍကို ဆွေးနွေးရာမှာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုဆိုင်ရာစနစ် တစ်ခုဖြစ်ဖို့၊ လူမှုရေးကဏ္ဍကို ဆွေးနွေးရာမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများအရေး၊ စီးပွားရေးကဏ္ဍ ဆွေးနွေးရာမှာ အခွန်ကောက်ယူခြင်းနဲ့ ပြန်လည်ခွဲဝေခြင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
လုံခြုံရေးကဏ္ဍဆွေးနွေးရာမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံသင့်တဲ့အချက်တွေကို ဆွေးနွေး ကြပြီး မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍကို ဆွေးနွေးရာမှာ သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနဲ့ ခွဲဝေခြင်း ဆိုင်ရာအချက်တွေကို အသေးစိတ်ဆွေးနွေးကြတယ်လို့ သိရပါတယ်။
မနက်ဖြန် ညီလာခံ တတိယနေ့မှာ အစုလိုက် အဖွဲ့တွေကနေ ခေါင်းစဉ်တူအုပ်စုအလိုက် စုပေါင်းဆွေးနွေးကြ မှာဖြစ်ပြီး ညီလာခံ ၅ရက်မြောက်နေ့မှာတော့ ဆွေးနွေးခဲ့ကြတဲ့ ကဏ္ဍ ၅ခုအလိုက် အစီရင်ခံစာတွေ တင်သွင်း ကြမှာဖြစ်ပါတယ်။
အဲဒီညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးနေတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
