အဆင့်မြင့်ပညာဦးစီးဌာနက အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုသမားတွေကို အနီးကပ် ၁၀ ရက်အစား ၅ ရက် နှစ်ကြိမ်ခွဲတက်ဖို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းတွေက လက်မခံတဲ့အတွက် ဖဲကြိုးနီ လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၇ ရက်နေ့က စပြီး လှုပ်ရှားမှုပြုလုပ်နေပါတယ်။
အဝေးသင်းတက္ကသိုလ် ကျောင်းသားအများစုဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့သူတွေ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာ ကျောင်းတက်ဖို့ ခွင့်ယူရတဲ့ အခက်အခဲတွေအပြင်၊ လစာမဲ့ခွင့်တွေပေးတဲ့ အလုပ်တွေနဲ့ဆိုရင် ကျောင်းသားတွေ အနေနဲ့ စားဝတ်နေရေးအခက်အခဲ ဖြစ်သလို ငွေကြေးပိုကုန်တာတွေ ဖြစ်နိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း ဒဂုံတက္ကသိုလ် အဝေးသင်းကျောင်းသားကျောင်းသူများအသင်း ဥက္ကဋ္ဌ ကိုကောင်းစည်သူဟိန်းက ပြောပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာ အောင်အောင်မင်းက စာမေးပွဲ မဖြေခင် အနီးကပ် ၁၀ ရက်အစား မေလမှာ ၅ ရက် သင်ကြားပေးမှာဖြစ်ပြီး နောက်ထပ် ၅ ရက်ကိုတော့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ သင်ကြားပို့ချသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အဲ့ဒီလို သင်ကြားရာမှာ ကိုယ်တိုင် လေ့လာ ကျက်မှတ်နိုင်အောင် လမ်းညွှန်သင်ကြားပေးမှာ ဖြစ်ပြီး ပြောင်းလည်းလိုက်တဲ့ ပညာရေးစနစ်ဟာ ကောင်းမွန်လာမလားဆိုတာကတော့ နောက်ထပ် ၄၊ ၅ နှစ် လောက်နေမှ သိနိုင်မယ်လို့လည်း ပြောပါတယ်။
ဆန္ဒပြကျောင်းသားတွေကတော့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့လုပ်ဆောင်မှာ ဖြစ်ပြီး သဘောတူညီမှု မရခဲ့ရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ဆန္ဒပြတောင်းဆိုမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။
