စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths တို့ သြဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်နဲ့ မိုခါမုန်တိုင်း တိုက်ခတ်ချိန်တွေမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအကူအညီပေးမှုတွေ နည်းပါးခဲ့တယ်လို့ ဒီတွေ့ဆုံမှုအတွင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေအတွက် မြေပြင်အခြေအနေမှာ ကန့်သတ်ထိန်းချုပ်မှုတွေရှိနေတယ်လို့ ပြောဆိုထားပါတယ်။
မနေ့က တွေ့ဆုံမှုအတွင်း စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ UNOCHA အကြီးအကဲတို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေအတွက် ဘယ်လို သဘောတူညီချက်တွေ ရရှိခဲ့တယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။
စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေအတွက် NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကို တိုက်တွန်းထားပါတယ်။
ဒုက္ခသည်အများစုဟာ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ရှိတာကြောင့် အမှန်တကယ်ဒုက္ခရောက်နေသူတွေကို ကူညီဖို့ဆိုရင် NUG အစိုးရ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အရေးကြီးတယ်လို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က သြဂုတ်လ ၁၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။
"အမှန်တကယ် ဒုက္ခသည်ရောက်တဲ့သူတွေဆီ အကူအညီရောက်ဖို့အတွက် အရေးကြီးတယ်။ ဒီဒုက္ခရောက်တဲ့သူအများစုကလည်း ဒီတော်လှန်ရေးအင်အားစု နယ်မြေတွေမှာ အများစုရှိနေတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတာ"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အထိ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁.၉ သန်းနီးပါးရှိနေပြီး ဒီအထဲက ၁ ဒသမ ၆ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ သြဂုတ်လ ၁၀ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။