တိုက်ပွဲတွေကြောင့် အကူအညီ ပိုလိုအပ်လာကြောင်း UNOCHA ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေသလို လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဩဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဟာ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တွေမှာ ဆက်လက်မြင့်တက်နေတာလို့ UNOCHA က ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်အင်အားချထားတာတွေကြောင့် ရွှေကူမြို့နယ်အတွင်းက လူ ၁၁၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရွှေကူတစ်မြို့နယ်ထဲမှာတင် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းနီးပါးရှိလာတယ်လို့ ဆိုပါတယ်။

အလားတူ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာဆိုရင်လည်း ဇူလိုင်လလယ်ကစပြီး ဒေသခံ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို နိုင်ငံအနောက်မြောက်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်လေးခုမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၇,၁၅၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ UN OCHA က အသိပေးထားပါတယ်။

အခုလို တိုက်ပွဲအခြေအနေတွေ ဆက်ပြီး မြင့်တက်နေတာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ ပဲခူးတိုင်း အရှေ့ပိုင်း၊ ချင်း၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ အနည်းဆုံး အိမ် ဆယ်လုံးနဲ့ ဘုရားကျောင်းတွေ ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်က ရှိနေတဲ့ အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာနေတယ်လို့လည်း UNOCHA ကပြောပါတယ်။