ပဋိပက္ခဒေသတွေက ပြည်သူတွေအတွက် အရေးပေါ် အကူအညီ UNOCHA ပေးမည်

ပဲခူးမြို့မှာ ဧပြီလ ၉ရက်က စပြီး စစ်ကောင်စီ တပ်တွေက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၀ ကျော် ရှိခဲ့ပြီး၊ လူပေါင်း တစ်သိန်းနီးပါး နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က RFA ကို အီးမေးလ်နဲ့ ပြောကြားခဲ့ပါတယ်။

မကြာခင်က ပဲခူးမြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၈၂ ဦးအထိ သေဆုံးပြီး၊ ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့အကြောင်း သတင်းတွေမှာဖော်ပြခဲ့တာ တွေ့ရကြောင်းနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ လိုအပ်ချက် ရှိလာနိုင်တဲ့အကြောင်း အဲဒီအီးမေးလ်မှာ ပြောထားပါတယ်။

လက်ရှိ အချိန်မှာ အကူအညီလိုနေတဲ့ သူတွေဆီကို ကိုယ်တိုင်သွားရောက်ခွင့်မရတာ အပါအဝင်၊ အခက်အခဲပေါင်းစုံရှိနေပေမယ့်၊ UNOCHA နဲ့ အခြား မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ပဋိပက္ခဒေသတွေက ပြည်သူ ၁ သန်းလောက်ကို အကူအညီနဲ့ အကာအကွယ်ပေးမှုတွေ လုပ်ပေးတဲ့အကြောင်းလည်း အဲဒီအီးမေးလ်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာ အခြား ထပ်တိုးလာတဲ့ အကူအညီလိုအပ်နေတဲ့ ဒေသတွေက ပြည်သူတွေ ဘယ်လိုအကူအညီမျိုး လိုအပ်နေသလဲသိဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့ UNOCHA အနေနဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပါအဝင် အဲဒီဒေသက ပြည်သူတွေအတွက် အသက်ဆက်ရှင်သန်နိုင်ဖို့ အရေးပေါ်လိုအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေကို ပေးသွားဖို့ စဉ်းစား ပြင်ဆင်နေပါတယ်လို့ UNOCHA က RFA မြန်မာပိုင်းကို ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ပဲခူးမြို့ပေါ်က မဂ္ဂတစ်၊ စံတော်တွင်း၊ မော်ကန် ရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး၊ ကာရံထားတဲ့ အတားအဆီးတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖြိုဖျက်ခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၈၀ ကျော် သေဆုံးပြီး၊ ဒေသခံ တစ်သိန်းလောက်အထိ နီးစပ်ရာ ရွာတွေကို ထွက်ပြေးနေကြတယ်လို့ RFA က စုံစမ်းသိရှိထားပါတယ်။