စင်ကာပူနိုင်ငံရဲ့ အဓိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ United Oversea Bank (UOB) က မြန်မာနိုင်ငံနဲ့ ဘဏ်ချင်းချိတ်ဆက်လုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံးကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း Nikkei Asia သတင်းက သြဂုတ် ၉ ရက်နေ့က ဖော်ပြပါတယ်။
ဒါဟာ ကမ္ဘာ့ငွေကြေးစနစ်ထဲ မြန်မာစစ်ခေါင်းဆောင်တွေပါဝင်မှု သိသိသာသာ ကန့်သတ်ထားနိုင်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရာဇဝတ်မှုတွေ တစ်နေ့တခြား ပိုမိုပြင်းထန်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က သြဂုတ် ၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့နောက်မှာ အခုလိုကြေညာချက် ထွက်ပေါ်လာတာပါ။
UOB အနေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေကတဆင့် ငွေသွင်းငွေထုတ်အားလုံးကို ကန့်သတ်မှာဖြစ်ကြောင်းနဲ့ UOB ဘဏ်အတွင်းမှာသာ ငွေကြေးလွှဲပြောင်းတာကို ခွင့်ပြုမှာဖြစ်ကြောင်း၊ အကြွေးဝယ်ကတ် Visa နဲ့ Master Card တွေကို ထိန်းချုပ်သွားမှာဖြစ်ကြောင်းနဲ့ မြန်မာဘဏ်တွေ နိုင်ငံခြားငွေလက်ခံနိုင်အောင် လက်ခွဲဖွင့်ထားတဲ့ ဟောင်ကောင်က Nostro ဘဏ်အကောင့်ကိုလည်း ပိတ်တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံဟာ အကြမ်းဖက်မှုကျူးလွန်နေတဲ့ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ တင်ပို့တဲ့ အရေးပါတဲ့ ကြားခံနေရာဖြစ်သလို ပါဝင်ပတ်သက်မှုလည်း ရှိနေတယ်လို့ ကုလအထူးကိုယ်စားလှယ် Tom Andrew ရဲ့ မေလ ၁၇ ရက်နေ့က ပြောကြားခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်အတွက် ရန်ပုံငွေထောက်ပံ့မှုတွေ ရပ်တန့်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှု နောက်ဆက်တွဲဖြစ်လာခဲ့ပြီး စင်ကာပူနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့တယ်လို့ Nikkei Asia က ဖော်ပြပါတယ်။
စင်ကာပူ UOB ဘဏ်ဟာ မြန်မာစစ်ကောင်စီအကြီးအကဲတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချမ်းသာကြွယ်ဝသူတွေ အဓိက အသုံးပြုတဲ့ဘဏ်တစ်ခုဖြစ်တယ်လို့ Nikkei Asia သတင်းက ဖော်ပြပါတယ်။