အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်တဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် အနေနဲ့ အများပိုင်အဖြစ် ပြောင်းလဲပြီး အစုရှယ်ယာတွေ ရောင်းချသွား ဖို့ရှိတယ်လို့ မြန်မာ့ရင်းနှီးမြုှပ်နှံမှု ကော်မရှင် အရာရှိတစ်ဦးကို ကိုးကားပြီး အမေရိကန်ထုတ် the Wall Street Journal သတင်းစာက မနေ့က ရေးသား လိုက်ပါတယ်။
အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့ခံထားရဆဲဖြစ်တဲ့ စီးပွားရေးဦးပိုင်လိမိတက်ကို အများပိုင်အဖြစ် ပြောင်းလဲတာဟာ တပ်မတော်အေနနဲ့ ခေတ်မီပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အဖွဲ့အစည်းဖြစ်ရေးနဲ့ ပြည်ပ ရင်းနှီးမြုှပ်နှံသူတွေနဲ့ လွတ်လပ်ပွင့်လင်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခြေလှမ်းဖြစ်တယ်လို့ သတင်းစာကရေးပါတယ်။
စစ်အစိုးရလက်ထက်ကတည်းက သတ္တုတွင်းလုပ်ငန်း၊ အရက်၊ စီးကရက်၊ စားအုန်းဆီနဲ့ စက်သုံးဆီ စတဲ့ လုပ်ငန်း အများအပြားကို တစ်ဦးတည်း ပိုင်ဆိုင် လုပ်ကိုင်ခဲ့တဲ့ မြန်မာစီးပွားရေးဦးပိုင်လိမိတက်ကို အများပိုင် အဖြစ် ပြောင်းလဲမယ့်အကြောင်း ပြီးခဲ့တဲ့ မတ်လက အစိုးရပိုင် သတင်းစာတွေမှာ ကြော်ငြာ ခဲ့တာဖြစ်ပါတယ်။