ပညာရေးဥပဒေပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်း က ဖြေရှင်းဖို့ တိုက်တွန်း

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေအနေနဲ့ လွှတ်တော်လမ်းကြောင်းကနေ ဖြေရှင်းသင့်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြော ပါတယ်။

ဒီလ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ကျောင်းသား သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရတဲ့အပေါ် အမျိုးသားလွှတ်တော်ဥက္ကဌရဲ့ သဘောထားကို သတင်းမီဒီယာသမားတွေက ဒီနေ့ မေးမြန်းရာ ဦးခင်အောင်မြင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ဖက်က လွှတ်တော်လမ်းကြောင်းကပဲ ရှိချင်တာပေါ့၊ ကလေးတွေကို နားလည်အောင်ပြောပြ ချင်တယ်ပေါ့၊ လွှတ်တော်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရတာပေါ့၊ အရင်ဥပဒေတွေလည်းလုပ်ပါတယ်၊ ခုလိုထုတ်ပြန်ကြေညာခြင်း မရှိတာတစ်ခုပဲရှိပါတယ်၊ အခုကတော့ အထူးလုပ်ရတဲ့သဘောရှိတာပေါ့၊ ကလေးတွေလာတဲ့အခါမှာ သူတို့ဘာဆိုလိုချင်တာလဲဆိုတာ အတိအကျသိရရင်ကောင်းမှာပဲ၊ ဒါကဖြစ်သင့် လား ဖြစ်နိုင်လား ဒါသူတို့နဲ့ဆွေးနွေးလိုက်ရင်ပြီးပါတယ်၊ ကျောင်းသားတွေလည်း အသိဉာဏ်ရှိတာပဲလေ"

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးမှာဖြစ်ပြီး အဲဒီဥပဒေကြမ်းအပေါ် ကြားနာပွဲတွေကို ဒီလ ၅ ရက်နေ့ကစပြီး ကျင်းပနေတာ ဖြစ်ပါတယ်။

မနေ့က သပိတ်မှောက် ကျောင်းသူကျောင်းသားတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားကိုယ်စားလှယ်တွေက လာမယ့်အမျိုးသားလွှတ်တော်က ပညာရေးဥပဒေ ပြင်ဆင်ရေးကြားနာပွဲကို တက်ရောက်မယ်လို့ ကြေညာခဲ့ပါတယ်။