အခုလို အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လိုက်တဲ့ အပေါ် အမေရိကန်အောက်လွှတ်တော် ခေါင်းဆောင်အမတ်တချို့က ထောက်ခံကြိုဆိုလိုက်ကြပါတယ်။
အမေရိကန်အောက်လွှတ်တော် ဒီမိုကရေစီရေးဆိုင်ရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌဖြစ်သူ နယူးယောက်ပြည် နယ် ဒီမိုကရက်တစ်အမတ် Joe Crowley နဲ့ အိုဟိုင်းယိုးပြည်နယ် ရီပါဗလီကန်အမတ် Steve Chabot တို့က မနေ့က ကြေညာချက် ထုတ်ပြန်ပြီး ကြိုဆိုလိုက်ကြတာပါ။
အမေရိကန်အစိုးရက အခုလို သက်တမ်းတစ်နှစ်တိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုအထောက်အကူပြုလာစေမယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြောင်းအလဲလိုချင်တဲ့ စိတ်ဆန္ဒတွေကို အထင် အရှားပြသနိုင်ခဲ့ပြီး၊ နယ်ပယ်ကဏ္ဍအတော်များများမှာ တိုးတက်မယ့်အရိပ်လက္ခဏာတွေ၊ စစ်မှန်တဲ့ ပြောင်းလဲ လာမှုတွေ မြင်တွေ့နေရသလို ဆောင်ရွက်စရာတွေလည်း အများအပြားကျန်နေသေးတယ်လို့ ဆိုပါတယ်။
လူနည်းစု တိုင်းရင်းသားတွေအပေါ် စစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေတာတွေ၊ နိုင်ငံရဲ့ အဓိကကျ တဲ့နေရာတွေမှာ စစ်တပ်က အာဏာကို အလွန်အကျွံထိန်းချုပ်ထားတာတွေ အပါအဝင် အရေးကြီးတဲ့ လူ့အခွင့်အရေးပြဿနာတချို့အပေါ်မှာ စိုးရိမ်ပူပန်စရာတွေ ကျန်ရှိနေသေးတယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလို ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပြီး နောက်ထပ် သက်တမ်းတစ်နှစ်တိုးမြှင့်လိုက်တာဟာ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ် ဆက်လက်ထောက်ခံအားပေးနေတယ် ဆိုတာ အထင်အရှား ဖော်ပြလိုက်တာဖြစ်တယ်လို့လည်း လွှတ်တော်အမတ် Joe Crowley နဲ့ Steve Chabot တို့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒီအတောအတွင်း သမ္မတအိုဘားမား ဦးဆောင်တဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံတိုးမြှင့်လိုက်တဲ့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေး United to End Genocide အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ အထက်လွှတ်တော်အမတ်ဟောင်း Tom Andrews က ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး ကြိုဆိုကြောင်း ပြောကြား လိုက်ပါတယ်။
