ချင်းပြည်နယ် မင်းတပ်မြို့မှာ အရပ်သားတွေကို အာဏာသိမ်းစစ်ကောင်စီက စစ်ဘက်တိုက်ခိုက်ရေး လက်နက်တွေ အသုံးပြု တိုက်ခိုက်နှိမ်နင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အရပ်သားတွေအပေါ် စစ်လက်နက်တွေနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ မိုက်တွင်းနက်တဲ့ လုပ်ရပ်အဖြစ် ဆက်လက် သက်သေထူနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
စစ်တပ်အာဏာ တည်မြဲရေးအတွက် ဒီလို တိုက်ခိုက်နေတာတွေကို အမေရိကန်အနေနဲ့ ရှုတ်ချကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုထားပါတယ်။
မင်းတပ်မြို့မှာ မေလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တို့ကြား တိုက်ပွဲတွေပြင်းထန်နေတာ လေးရက် ဆက်တိုက်ရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးအမြှောက်တွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် CDF အဖွဲ့ဘက်ကတော့ ချင်းရိုးရာ တူမီးသေနတ်နဲ့သာ မြို့ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်။
စစ်လေယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေဒီနေ့ ထပ်မံ စစ်အင်အားဖြည့်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေး CDF အဖွဲ့ဝင်တွေက RFA ကို ပြောထားပါတယ်။
ချင်းပြည်နယ်က မြို့တိုင်းလိုလိုမှာ ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
မင်းတပ်မြို့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေပိုင်းမှာ ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။