ဆက်လက်ပိတ်ဆို့ဖို့ အမေရိကန် ဂျူးအဖွဲ့ တောင်းဆို

အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို မရောက်ရှိမီ အမေရိကန် ဂျူး World Service ဌာနက မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားများအပေါ် တရားမျှတမှုအတွက် အာမခံချက်ပေးဖို့နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ဂျူး World Service ဌာန ဥက္ကဌနဲ့ အမူဆောင်အရာရှိချုပ် Robert Bank ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်တွေအတွက် မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ လူ့အခွင့် အရေး ဖေါ်ဆောင်သူ ပြယုဂ်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသားများ အထူးသဖြင့် ခြိမ်းခြောက်ခံနေရတဲ့ ရိုဟင်ဂျာတွေရဲ့ လူအခွင့်အရေးဆိုင်ရာအတွက် အားသွန်ကြိုးပမ်းဖို့ တိုက်တွန်းလိုက်သလို အမေရိကန် အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တိုးတက်မှုတွေရရှိတဲ့အထိ ဆက်လက်ထားရှိဖို့ တိုက်တွန်းထားပါတယ်။

အလားတူ အမေရိကန် ဂျူး World Service ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှု လူနည်းစုများအပေါ် အနိုင်ကျင့်မှုများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကိုယ်စားလှယ်က အစီရင်ခံတင်ပြထားသလို၊ လူ့အခွင့်အရေးအဖွဲ့များ ဘာသာရေးအဖွဲ့များရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားမှုတွေရှိတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာတဲ့ အချိန်ကစပြီး လူအခွင့်အရေးနဲ့ တိုင်းရင်းသားများအရေး ဆောင်ရွက်တာ များကို တွေ့ရှိလာပြီး ငြိမ်းချမ်းရေးညီလာခံတွေ စတင်တာမျိုးတွေ တွေ့မြင်ရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုထက်ပိုမို ဆောင်ရွက်ဖို့ လိုအပ်သလို ဘာသာရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေများ အပြင် မတရားသင်းအက်ဥပဒေမျိုး ဧည့်စာရင်တိုင်ကြားတဲ့ ဥပဒေမျိုးစတာတွေကို ပါဖျက်သိမ်းပေးဖို့ လိုအပ်တယ်လို့ ဆက်လက်ဖေါ်ပြထားပါတယ်။