ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေလျှော့ပေးလိုက်ရုံနဲ့ မြန်မာစစ်တပ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ပြောင်းသွားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူ မက်သရူးမီလာက ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ အမေရိကန်ကတောင်းဆိုထားတဲ့ အချက်တွေကို မလုပ်မချင်း သဘောထားမပြောင်းဘူးလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးခွင့်ပြုဖို့၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ ခံစားခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့စတာတွေကို အမေရိကန်က တောင်းဆိုထားတယ်လို့ သူကဆိုပါတယ်။
"စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားပြောင်းလဲစေချင်ရင် သူတို့ဘက်ကလုပ်စရာရှိတာတွေ အရင်လုပ်ဖို့လိုပါမယ်" လို့ မက်သရူးမီလာက ကပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းသက်တမ်းထပ်တိုးလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပြီး သက်တမ်းထပ်တိုးလိုက်တဲ့အတွက် အကြမ်းဖက်မှုတွေပဲ ပိုရှည်ကြာ၊ ငြိမ်းငြိမ်းချမ်းချမ်းပြန်ဖြစ်ဖို့ အချိန်နှောင့်နှေးဖို့ပဲရှိတယ်လို့လည်း သူကဆိုပါတယ်။
ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ခြောက်နှစ်လျှော့ပေးလိုက်ပြီး အကျဉ်းသားတချို့ကိုလည်း စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။
နိုင်ငံတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို နောက်ထပ် ခြောက်လ စစ်ခေါင်းဆောင်က သက်တမ်းထပ်တိုးထားပါတယ်။