အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က (ဖေဖော်ဝါရီ ၁၁ ရက်) သောကြာနေ့က ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျ လေးနိုင်ငံ (QUAD) အစည်းအဝေးမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ မကြာခင်အချိန်အတွင်း ဝါရှင်တန်ဒီစီမြို့တော်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေတာပါ။
လက်ရှိအချိန် မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြည်သူတွေကို နှစ်ဆတိုး ဖိနှိပ်နေသလို၊ အကြမ်းဖက်မှုတွေ လုပ်နေပြီး ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အင်မတန် စိတ်ဒုက္ခရောက်စေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထောက်ခံ သွားမှာ ဖြစ်သလို၊ အာဆီယံအနေနဲ့ ဒီသဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ထပ်ပြီး တိုက်တွန်းတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။