မြန်မာ့လူ့အခွင့်အရေး တိုးတက်ဖို့ လိုနေသေး


2015.06.26

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေတွေကို နှစ်စဉ် ထုတ်ပြန်နေရာမှာ မနေ့ကထွက်ပေါ်လာခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆက်လက်ဆိုးရွားနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခန်း (၇) ခု ဖေါ်ပြထားရာမှာ လူ့ဂုဏ်သိက္ခာ၊ အရပ်ဘက်လွတ်လပ်ခွင့်တွေ၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေ၊ လိင်ခွဲခြားမှုနဲ့ ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ၊ အကျင့်ပျက်ခြစားမှုနဲ့ ပွင့်လင်းမြင်သာမရှိမှု၊ အလုပ်သမားအခွင့်အရေး စတဲ့ကဏ္ဍတွေပါဝင်ပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်း သွားလာတာပေါ် ကန့်သတ်တာတွေဆက်ရှိနေပြီး၊ လူမျိုးစုနဲ့ဘာသာရေးဆိုင်ရာ လူနည်းစုတွေ၊ နိုင်ငံမဲ့သူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေသလို လူမှောင်ခိုကူးတာတွေရှိနေဆဲလို့ ဖော်ပြထားပါတယ်။ ကလေး သူငယ်တွေအပါအဝင် အဓမ္မလုပ်အားယူခိုင်းစေတာတွေ အရင်ကထက်စာရင် လျော့နည်းသွားတယ်ဆိုပေမဲ့ လုံးဝပပျောက်မသွားသေးဘဲ၊ အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေက လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး၊ ဘာသာလူမျိုး အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေရဲ့ အကြောင်းရင်းတွေကို ရှာဖွေဖြေရှင်းတာမျိုးတွေ မတွေ့ရသလောက်ဖြစ်နေတယ်လို့ အစီရင်ခံစာကဖေါ်ပြပါတယ်။

ဒါ့ပြင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ လိင်ပိုင်းအကြမ်းဖက်တာတွေ ဆက်ရှိနေသေးသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ရဲ့ အဓမ္မခိုင်းစေတာ၊ ကလေးစစ်သားစုဆောင်းတာတွေ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး၊ တချို့ကိစ္စတွေမှာ အာဏာပိုင်တွေက အရေးယူတာတွေရှိခဲ့ပေမဲ့၊ အာဏာပိုင်တွေရဲ့ ချိုးဖောက်မှုတွေကိုတော့ အရေးယူသူမရှိဘဲ အပြစ်လွတ်နေဆဲပဲလို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။