ဦးတေဇ ဇနီးနဲ့ ကွယ်လွန်သူ ဗိုလ်ချုပ်နှစ်ဦး အမေရိကန် ပိတ်ဆို့ခံစာရင်းက လွတ်ကင်း
2015.07.10
အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်စာရင်းထဲကနေ သုံးဦးကို စာရင်းထဲကနေ ပယ်ဖျက်လိုက်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာနက မနေ့က ကြေညာခဲ့ပါတယ်။
အဲ့ဒီသုံးဦးကတော့ အရင်စစ်အစိုးရရဲ့ လူယုံတော်အဖြစ်သိကြတဲ့ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇရဲ့ ဇနီးဖြစ်သူ ဒေါ်သီတာဇော်၊ အရင်စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကွယ်လွန်သူ ဗိုလ်ချုပ် မောင်ဘို တို့ဖြစ်ကြပါတယ်။
ဒေါ်သီတာဇော်နဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဌာန ပြောခွင့်ရသူက အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်တာကြောင့် အရင်က ငြိနေခဲ့တဲ့ အချက်အလက်တွေနဲ့ အခုအခါ ကင်းရှင်းသွားပြီ ဖြစ်ကြောင်းပြောပေမယ့် အသေးစိတ်မပြောဆို ခဲ့ကြောင်း The Wall Street Jiurnal သတင်း က ဖော်ပြပါတယ်။
၂ဝဝ၇ ခုနှစ် က အမေရိကန်သံရုံးတွေရဲ့ လျှို့ဝှက်ကေဘယ်သတင်းတွေကို ဖွင့်ချခဲ့တဲ့ ဝီကီလိဂ်မှာတော့ ဒေါ် သီတာဇော်ဟာ ဦးတေဇနဲ့အတူ မနေတာ နှစ်အတော်ကြာပြီဖြစ်ပြီး၊ လုပ်ငန်းချင်းလည်းပတ်သက်မှုမရှိကြောင်း သူ့ရဲ့သားဖြစ်သူက ပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာပါဝင်တဲ့ ဦးတေဇကတော့ အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ရှိနေဆဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ တပ်မတော်အရာရှိဟောင်း ဗိုလ်ချုပ် မောင်ဘိုတို့ကတော့ ၂ဝဝ၇ ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်အားပေးနေမှာဖြစ် သလို၊ မြန်မာ့အခြေအနေ အပြောင်းအလဲတွေနဲ့အညီ၊ ပိတ်ဆို့အရေးယူတဲ့စာရင်းဟာလည်း သင့်တော်သလို အတိုးအလျော့ ပေါ်ပေါက်နေမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဌာန ပြောခွင့်ရသူက ပြောဆိုကြောင်း The Wall Street Jiurnal သတင်းကဖော်ပြပါတယ်။









