ပိတ်ဆို့မှုတွေ ဆက်ထားဖို့ HRW ပြောကြား

မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို မြန်မာ့တပ်မတော်က လမ်းကြောင်းပြောင်းလွှဲခြင်း မပြုလုပ်နိုင်အောင် အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ဆိုင်ရာ အဓိကကျတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိသင့်တယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောဆို လိုက်ပါတယ်။

ဒီလ ၁၄ ရက်နေ့မှာ ဝါရှင်တန်ဒီစီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့အခါ သမ္မတ အိုဘားမားအစိုးရက မြန်မာပြည်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖျက်သိမ်းပေးမယ် လို့ သိရှိရကြောင်း Human Rights Watch အဖွဲ့ရဲ့ စက်တင်ဘာ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။

HRW အဖွဲ့ရဲ့ ညွန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ John Sifton ဂျွန် ဆစ်ဖ်တွန် က လက်ရှိချမှတ်ထားတဲ့ မြန်မာပြည် ဆိုင်ရာ ပိတ်ဆို့မှုတွေဟာ မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့အပေါင်းပါ စီးပွားရေးသမားတွေကို ပစ်မှတ်ထား တာဖြစ်တယ်၊ မြန်မာ့တပ်မတော်က အရပ်သားအစိုးရလက်ထဲကို အာဏာအပြည့်အဝ အပ်နှင်းရေးအတွက် ဖိအားပေးတဲ့အနေနဲ့ လက်ရှိပိတ်ဆု့ိအရေးယူမှုတွေကို ဆက်လက်ထားရှိဖို့ မုချမသွေ လိုအပ်တယ်၊ ဒါကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်မလှည့်နိုင်အောင် သေချာတဲ့ကာလ မတိုင်ခင် အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့မှုအားလုံးရုပ်သိမ်းခြင်းကို မပြုလုပ်သင့်ပါဘူးလို့ ပြောကြားလိုက် ပါတယ်။