မြန်မာစစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးသူတွေကို အမေရိကန်ထပ်အရေးယူ
2023.08.23

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အမေရိကန် အစိုးရက အရင် ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်တဲ့ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း ဩဂုတ် ၂၃ ရက်နေ့က ကြေညာပါတယ်။
ဒါ့အပြင် အခု ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်တဲ့ ဒေါ်ခင်ဖြူဝင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လေယာဉ်ဆီ တင်ပို့ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့ ချမှတ်နေပြီး၊ မနေ့က ကြေညာချက်မှာလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ဖြူးရောင်းချမှုအတွက် တာဝန်ရှိသူ နှစ်ဦးနဲ့ လုပ်ငန်း သုံးခုကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်တဲ့အကြောင်း၊ ဒီလို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် စစ်ကောင်စီကို ပိုမိုဖိအားပေးရာရောက်ပြီး၊ မြန်မာပြည်သူတွေအတွက်လည်း ကူညီရာရောက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူး မေလာက ပြောပါတယ်။