အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာ


2019.03.13
Micheal-Kozak-622 အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဌာန အကြီးတန်းတာဝန်ရှိသူ မိုက်ကယ် ကိုဇက်။
Photo: US Department of State

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၈ ခုနှစ်အတွက် နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သီးခြားထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက လက်လွတ်စပယ် သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်တဲ့ ပြစ်မှုတွေ ကျူးလွန်တာ၊ သတင်းမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို မတရား ဖမ်းဆီးပြီးအကျဉ်းချတာနဲ့ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ကန့်သတ်တာတွေကို ဖော်ပြထားပါတယ်။

ဒါ့ပြင် အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှု၊ အစိုးရက ကလေးစစ်သား ဆက်လက် အသုံးပြုနေတာ၊ လူကုန်ကူးမှု၊ လူမျိုးဘာသာနဲ့ နိုင်ငံသားဖြစ်မှုအရ လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ မှုခင်းတွေ တိုးပွားလာတာ၊ အဓမ္မလုပ်အားပေး စေခိုင်းတာနဲ့ ကလေးလုပ်သား အသုံးပြုမှုတွေ တိုးပွားလာတာကိုလည်း အစီရင်ခံစာ အနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာ ထုတ်ပြန်ပွဲအတွင်း သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားရာမှာ အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန အကြီးတန်းအရာရှိ မိုက်ကယ်ကိုဇက်က... မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာချိန်မှာ အရင်က ချမှတ်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ကြောင်း၊ လက်ရှိအချိန်မှာ စစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် စီးပွားရေးပိတ်ဆို့မှု လုပ်မယ်ဆိုရင် အရပ်သားအစိုးရကို ဒဏ်ခတ်သလို ဖြစ်နေမှာဖြစ်ကြောင်း၊ လောလောဆယ်မှာ ပစ်မှတ်ထား ပိတ်ဆို့မှုတွေအပြင်၊ လူပုဂ္ဂိုလ် အမြောက်အမြားကို ဗီဇာ ပိတ်ပင်ထားတဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ ပေးအပ်နိုင်ဖို့ အဓိကထား ဆောင်ရွက်နေကြောင်းနဲ့ မြန်မာနိုင်ငံ အတွင်းမှာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးနေကြောင်း မိုက်ကယ် ကိုဇက်က ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။