စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေး

အာဏာသိမ်းမြန်မာစစ်ကောင်စီပိုင်တဲ့ဘဏ် နှစ်ခုနဲ့ ပတ်သက်တဲ့ ငွေစာရင်းလွှဲပြောင်းမှု အားလုံးကို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သြဂုတ်လ ၅ ရက်နေ့နောက်ဆုံးထားပြီး ရပ်ဆိုင်းဖို့ အမေရိကန်အစိုးရက သောကြာနေ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဘဏ် (MICB) နှစ်ခုဟာ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေအသုံးပြုနိုင်ရေးနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာဖွင့်ထားတဲ့ ငွေစာရင်းတွေကနေ နိုင်ငံတကာစျေးကွက်ကို ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့အတွက် သမ္မတ ဘိုင်ဒင်အစိုးရက နာမည်ပျက်ဘဏ်စာရင်းမှာထည့်သွင်းလိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန် အစိုးရပြောခွင့်ရှိသူ Matthew Miller က အဲဒီဘဏ် နှစ်ခုဟာ မြန်မာစစ်ကောင်စီကို ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်နဲ့ တခြားစက်မှုလုပ်ငန်းတွေကနေ ဝင်ငွေရရှိဖို့ ကူညီနေတဲ့ဘဏ်တွေဖြစ်တယ်လို့ ပြောကြားပါတယ်။

အဲဒီဘဏ်တွေနဲ့ ဆက်သွယ်လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေ အပြီးသတ်လုပ်ကိုင်ဖို့အတွက် သြဂုတ်လ ၅ ရက် စနေနေ့အထိ ခွင့်ပြုခဲ့ရာကနေ အခုတော့ အဲဒီသတ်မှတ်ရက် ကုန်ဆုံးပြီဖြစ်လို့ အဲဒီဘဏ် နှစ်ခုနဲ့ပတ်သက်တဲ့ ငွေကြေးပြောင်းရွှေ့ထုတ်သွင်းမှုတွေကို အသေအချာစောင့်ကြည့်ပြီး ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ မကိုက်ညီရင် သင့်တော်သလို အမေရိကန်အစိုးရက စတင်အရေးယူတော့မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေကို ခိုင်ခိုင်မာမာဆက်လက် အားပေးကူညီမှာဖြစ်ပြီး စစ်ကောင်စီက နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်လို့ မရအောင် မိမိတို့ရဲ့ မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း အစိုးရပြောခွင့်ရသူက ထုတ်ပြန်ပြောဆိုပါတယ်။