မြန်မာ ရွေးကောက်ပွဲနေ့ ရက် ကြေညာမှု အမေရိကန် ကြိုဆို
2015.07.09
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက် သတ်မှတ်ကြေညာလိုက်တဲ့အပေါ် အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့အဆင့် တစ်ခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် Mark Toner က သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့တာပါ။
“မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ လူထုအခြေပြု လူမှုအသင်းအဖွဲ့တချို့ကို အမေရိကန်ပြည်ထောင်စု က ငွေကြေးနဲ့နည်းပညာ အကူအညီတွေ ထောက်ပံ့ပေးနေပါတယ်၊ ဒီအသင်းအဖွဲ့တွေကတဆင့် ဘယ်နိုင်ငံရေးပါတီဘက်မှ မလိုက်တဲ့၊ လွတ်လပ်တဲ့၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ငါးထောင်လောက်ကို လေ့ကျင့်သင်တန်းပေးနေပါတယ်” လို့ Mr. Toner က ပြောပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တီပါတီ ဒု-ဥက္ကဋ္ဌ Joseph Crowley ကလည်း အခုကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာခေါင်းဆောင်တွေအတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကတိကဝတ်တွေကို ဖြည့်ဆည်းဖို့ အခွင့်ကောင်းတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ အရေးပါတဲ့ ဆန္ဒမဲအရေအတွက်ကို စစ်တပ်က ရယူထားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်လိုက်တဲ့ကိစ္စကတော့ အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွက် အန္တရာယ်ရှိနေပြီဆိုတာ ပြသ လိုက်တာဖြစ်ကြောင်း၊ ဒါဟာ ရွေးကောက်ပွဲ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ယုံကြည်လက်ခံနိုင်မှုကို ထိခိုက်နေတဲ့အတွက် ဒီကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့လည်း လွှတ်တော်အမတ် Mr. Crowley က တိုက်တွန်းလိုက်ပါတယ်။









