အမေရိကန် ဒုလက်ထောက် ဝန်ကြီးနှင့် စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
2010.12.10
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ဝဲ) နှင့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ) တို့ ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
စစ်အစိုးရ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ၂ ဖက် အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အပြီးနဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ အပြီး မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
Mr. Yun အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရေး မြန်မာအာဏာပိုင်တွေကို တောင်းဆိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။









