အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့စစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အပံ့ ပေးနေတဲ့ ကုမ္ပဏီလေးခုကို ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
Wanbao Mining Ltd. နဲ့ကုမ္ပဏီခွဲ နှစ်ခု၊ Myanmar Wanbao Mining Copper, Ltd.၊ Myanmar Yang Tse Copper, Ltd. နဲ့ King Royal Technologies Co., Ltd. တို့ကို အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ အသစ်ထည့်သွင်းလိုက်ကြောင်း မနေ့က ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီအထဲက ကြေးနီတူးဖော်ရေးနဲ့ဆိုင်တဲ့ ကုမ္ပဏီသုံးခုဟာ ဖေဖော်ဝါရီ ၁ရက်က အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ Myanmar Economic Holding Limited ခေါ် ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းအလုပ်လုပ်နေကြပြီး၊ ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ King Royal Technologies ကတော့ စစ်တပ်အတွက် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုတွေ ပေးနေတာဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြ လှုပ်ရှားသူတွေကို သေစေလောက်တဲ့ လက်နက်တွေသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် တာဝန်ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီမှာ ဒီနေ့ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို သူတို့သွားနေတဲ့ လမ်းကြောင်းကနေ နောက်ကြောင်းပြန်ဆုတ်ပြီး ဒီမိုကရေစီ ပြန်ဖြစ်လာအောင် လုပ်ပေးဖို့ တွန်းအားပေး လုပ်ဆောင်နေကြောင်း ထပ်ပြီးပြသလိုက်တာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။