ဘာသာရေးလွတ်လပ်ခွင့် အထူး စိုးရိမ်စရာ အဆင့် ၁ နိုင်ငံ စာရင်းမှာ ဆက်ထားဖို့ တိုက်တွန်း

0:00 / 0:00

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့ အဆင့် ၁ နိုင်ငံများ စာရင်း (CPC tier 1) အဖြစ် ဆက်လက်ထားရှိဖို့ အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေး လွတ်လပ် မှု စောင့်ကြည့်ရေးကော်မရှင် USCIRF က ၂ဝ၁၆ ခုနှစ်အတွက် အစီရင်ခံစာမှာ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်ကြာ စစ်တပ်က ချုပ်ကိုင်ထားတဲ့ အစိုးရကို အဆုံးသတ်စေခဲ့တဲ့ ရွေးကောက်ပွဲ ကြီးတစ်ခု အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့ပေမယ့် အစိုးရသစ်အနေနဲ့ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ စိန်ခေါ်မှု အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေဆဲဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ USCIRF အစီရင်ခံစာမှာ ရေးသား ဖော်ပြထား ပါတယ်။

၂ဝ၁၅ ခုနှစ်အတွင်း မြန်မာအစိုးရနဲ့ အစိုးရမဟုတ်တဲ့ “မဘသ” လို အဖွဲ့အစည်းတွေနဲ့ ဦးဝီရသူလို ပုဂ္ဂိုလ်တွေက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဆက်လက်ချိုးဖောက်နေခဲ့ကြပြီး ရွေးကောက်ပွဲ ကာလမှာလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ချိုးဖောက်တဲ့ ကိစ္စရပ်တွေဟာ မဲဆွယ်ရာမှာ အရေးကြီးတဲ့ အခန်းဏ္ဍမှာ ရှိနေခဲ့တယ်လို့ အစီရင်ခံစာက ရေးသားဖော်ပြထားပါတယ်။

မူဆလင်သာဘာဝင်တွေ၊ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘာသာရေးသာမက နိုင်ငံရေး လွတ်လပ်ခွင့်တွေပါ ချိုးဖောက်ခံခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။

နိုင်ငံများစာရင်းကနေ ဖယ်ရှားနိုင်ဖို့ အစိုးရသစ်နဲ့ သဘောတူချက်ရယူပြီး တဆင့်ချင်း လုပ်ဆောင်ရမယ့် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ချိုးဖောက်မှုတွေ ကို ဖြေရှင်းဖို့လည်း အမေရိကန်အစိုးရကို အကြံပြုထား ပါတယ်။ USCIRF က အကြံပြုပြီး အမေရိကန်နိုင်ငံခြားရေးဌာနက CPC အဆင့် ၁ မှာ သတ်မှတ်ခံထား ရတဲ့နိုင်ငံ ၉ နိုင်ငံမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီအားရေးဗီယားနိုင်ငံတွေပါဝင်ပါတယ်။

ဒီအစီရင်ခံစာအကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။