ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို လာမယ့်သြဂုတ်လမှာ ကျင်းပမှာဖြစ် ပြီး လက်ရှိမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်၊ ခရိုင်နဲ့၊ တိုင်းအဆင့် အလုပ်မှုဆောင် ကော်မတီတွေကို အသစ်ပြန် လည် ဖွဲ့စည်းနေပါတယ်။
ဒီနေ့ မိတ္ထီလာမြို့နယ်မှာ မြို့နယ်နဲ့ ခရိုင်အလုပ်မှုဆောင် ကော်မတီဝင်တွေ ပြန်လည်ဖွဲ့စည်းရေး အတွက် မန္တလေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးရဲမြင့်နဲ့ ပါတီဝင်တွေ၊ ဒေသခံတွေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မိတ္ထီလာမြို့ခံ ဦးစံထွန်းက ပြောပါတယ်။
"ပါတီ ပြန်လည်ရွေးချယ်ပွဲကိစ္စအတွက် ဆွေးနွေးတာပါ၊ မြို့နယ်အလုပ်အမှုဆောင် ခရိုင်အလုပ်အမှုဆောင် ပြန် လည်ဖွဲ့စည်းတာပါ၊ မြို့နယ်အလုပ်အမှုဆောင်မှာ အများဆုံး ၁၅ ယောက်ရွေးမယ်၊ ခရိုင်မှာကျတော့ ၇ ယောက်၊ ၉ ယောက်စသည်ဖြင့် လိုအပ်သလို သူတို့ဖွဲ့မယ်"
ပြီးခဲ့တဲ့ မေလက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရပ်ကျေးကော်မတီတွေကို ပြင်ဆင်ဖွဲ့စည်း ခဲ့ပါတယ်။
အခုဇွန်လထဲမှာ မြို့နယ်အဆင့်နဲ့ ခရိုင်အဆင့်ကော်မတီတွေကို ပြင်ဆင်ဖွဲ့စည်းမှာဖြစ်သလို လာမယ့် ဇူလိုင်လမှာ တိုင်းအဆင့်ကော်မတီတွေကို ဆက်လက်ဖွဲ့စည်းမှာဖြစ်ပါတယ်။
ရပ်ကျေး၊ မြို့နယ်နဲ့ ခရိုင်ကော်မတီဝင်တွေကို ပြင်ဆင်ဖွဲ့စည်းရာမှာ အရင်အလုပ်မှုဆောင် ကော်မတီ ဝင်ဟောင်းတွေ ပြန်လည်လျှောက်ထားနိုင်သလို ပါတီဝင်အသစ်တွေ၊ မြို့ခံလူထုတွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေလည်း လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။
ရပ်ကျေး၊ မြို့နယ်နဲ့ ခရိုင် အလုပ်မှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်ရာမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ထည့်သွင်းရွေးချယ်သွားဖို့ မူဝါဒချမှတ်ထားတယ်လို့ ပြောပါတယ်။
