ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အာဏာရပါတီ NLD ကိုတော့ မဲစာရင်းစစ်ဆေးခွင့် တရားဝင် ဆောင်ရွက်ခွင့်ပြုထားပြီး အာဏာရပါတီမဟုတ်တဲ့ တခြားပါတီတွေပေါ်မှာ ကန့်သတ်ဖိနှိပ်မှုတွေရှိနေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဝေဖန် လိုက်ပါတယ်။
" NLD ပါတီက ရုံးစာနဲ့ မဲစာရင်းများကို ကူညီစစ်ဆေးပေးရန်ကိစ္စဆိုပြီးတော့မှ တရားဝင်စာထုတ်တယ်၊ ရွေးကောက်ပွဲကော်မရှင်က လက်ခံပူးပေါင်းပြီး ဆောင်ရွက်တယ်၊ လက်ရှိအာဏာရပါတီကို ဒီလိုလိုက်လျော မှုတွေပြုပေမယ့် အာဏာရပါတီမဟုတ်တဲ့ တခြားပါတီတွေကိုကျတော့ ကန့်သတ်ထိန်းချုပ်မှုပြုလုပ်နေ တာက အဂတိရောကင်းရဲ့လား၊ ကျမတို့ သံသယရှိနေတယ်ဆိုတာတွေက ဒီလိုအချက်အလက်တွေကြောင့် ပြောစရာတွေရှိနေလို့ ထောက်ပြစရာတွေရှိနေလို့ ဝေဖန်စရာတွေရှိနေလို့ စိုးရိမ်သောကတွေက မြင့်တက် လာတာ ဒီသောကတွေကို ဖြေလျော့ပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်"
ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ခရိုင်ရုံးမှာ ဒီနေ့ နေ့လယ်က ကျင်းပခဲ့တာပါ။
ကောမရှင်အနေနဲ့ မဲစာရင်းနဲ့ပတ်သက်ပြီး မှားယွင်းတာတွေ၊ အချက်အလက် မမှန်တာတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ခြောက်ဦးက ရှင်းလင်းခဲ့ကြတာပါ။
ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီ NLD ကနေ စိတ်ကြိုက်ရွေးချယ်ခန့်အပ်တာဖြစ်တဲ့အတွက် အာဏာရ ပါတီမဟုတ်တဲ့ အခြားပါတီအသီးသီးနဲ့ နိုင်ငံရေးပါတီ လေ့လာသုံးသပ်သူတွေအနေနဲ့ ကော်မရှင်အနေနဲ့ တရား မျှတမှု ကင်းပါ့မလား ဘက်လိုက်မှုကင်းပါ့မလား စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း တူညီသောအခွင့်အရေး များရစေခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ပွင့်လင်းမြင်သာခြင်းနဲ့ ရွေးကောက်ပွဲကိုကျင်းပမယ်လို့ ပြောဆိုထားပေမယ့် ဒီလိုပြောဆိုချက်အတိုင်း လက်တွေ့ဆောင်ရွက်ပေးဖို့လိုကြောင်းလည်း ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရင်အစိုးရလက်ထက်က ရွေးကောက်ပွဲကော်မရှင်နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမှာလည်း အားနည်းတယ်လို့ဆိုပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ကော်မရှင်ခွဲအဆင့်ဆင့်နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်က ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်အတွက်ကတော့ မရှိသလောက်ကို နည်းပါး နေတာကို တွေ့ရတယ်၊ ကျမတို့ အရင်အစိုးရလက်ထက်တုန်းကဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေဆိုရင် တစ်လကို နှစ်ကြိမ် တွေ့ဆုံပြီးတော့မှ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမြဲတမ်းထိတွေ့ပြီး ဆွေးနွေးညှိနှိုင်း လေ့ရှိတယ်၊ အခုဆိုရင် တော်တော်နည်းပါးတယ်၊ ဒီတောက်လျှောက်မှာ နှစ်ကြိမ်လားပဲ တွေ့တာရှိပါတယ်"
ဇူလိုင်လ ၂၅ ရက်နေ့က မဲစာရင်း စတင်ကပ်ခဲ့တာဖြစ်ပြီး နေရာတော်တော်များများမှာ မဲစာရင်းကို ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ထားတာတွေရှိပြီး လူအများနဲ့ဆိုင်တဲ့နေရာဖြစ်တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲဆန္ဒရှင်တွေကို လွတ်လွတ်လပ်လပ် ကြည့်ရှု့ခွင့် ပြုသင့်တယ်လို့လည်း ထောက်ပြကြပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ထောက်ပြဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တုံ့ပြန်မှုတစ်ခုခုရဖို့အတွက် ကော်မရှင်ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲကော်မရှင်ပေါ် ဝေဖန်ထောက်ပြမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ New Myanmar Foundation အဖွဲ့က မမြနန္ဒာသင်း ကတော့ အခုလို သုံးသပ်ပါတယ်။
"မဲစာရင်းစစ်တဲ့ကိစ္စကတော့ ပါတီအားလုံးပါဖို့ အရေးကြီးတယ်၊ ကောင်းတာကတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်ခေါပြီးတော့ မဲစာရင်းစိစစ်ရေးကိစ္စတွေမှာ ကူညီခိုင်း တာပဲဖြစ်ဖြစ် သို့မဟုတ် အားလုံးကို တန်းတူအခွင့်အရေးပေးဖို့လုပ်ရမယ်၊ မဲစာရင်းတွေကို ဓာတ်ပုံ မရိုက်ရဘူးဆိုတာက ကျမတို့သိတာလေ ကျမတို့မိတ်ဆွေ အရပ်ဖက်အဖွဲ့တွေနဲ့ ရွေးကောက်ပွဲလေ့လာဖို့ ဓာတ်ပုံရိုက်တဲ့အခါ ခွင့်မပြုဘူးဖြစ်နေတယ်၊ အဲတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အဲလို ခွဲခြားမှုကိုခံရတယ် ဆိုရင် သက်သေရအောင်လုပ်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားစာပို့သင့်တယ်လို့ ထင်တယ်"
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေကို ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့ထိ ပထမအကြိမ် ထုတ်ပြန်ပေးထားပါတယ်။
မဲစာရင်းတွေမှာ အမည်မပါတာတွေ၊ အချက်အလက် မှားယွင်းနေတာတွေလည်းရှိနေပြီး မဲပေးခွင့်မဆုံးရှံးအောင် မဲစာရင်းသွားကြည့်ကြဖို့ မဲစာရင်းစစ်ဆေးဖို့ ပါတီတချို့က ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေး နေတာတွေလည်း ရှိနေပါတယ်။