မုံရွာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံး
2017.03.10
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင် မတ်လ ၁ဝ ရက်နေ့က မဲဆွယ်စည်းရုံးစဉ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင် က အစိုးရသစ်လက်ထက်မှာ ကောင်းတဲ့ဘက်ပြောင်းလဲနေတာလား ဆိုးတဲ့ဘက်ပြောင်း လဲနေတာလားဆိုတာကို ချိန်ထိုးပြီး မဲပေးကြဖို့ ပြောပါတယ်။
အာဏာရပါတီရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကို စိတ်ပျက်နေကြတဲ့ မဲဆန္ဒရှင်တွေကို အဓိကထားမဲဆွယ် စည်းရုံးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင် က ပြောပါတယ်။
"ဒီအချိန်မှာတော့ တချို့ကလည်း ပွင့်ပွင့်လင်းလင်းသာ ပြောင်းလဲမှုမရှိပဲ သူတို့ရင်ထဲတော့ ပြောင်းလဲ ချင်နေတယ်၊ အရင်ကထောက်ခံခဲ့တဲ့ဟာကို ပြန်စဉ်းစားနေပြီလို့တော့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်၊ ကျနော်တို့ ပြည်သူတွေအတွက်၊ နိုင်ငံ့အတွက် ဆောင်ရွက်ရင်းနဲ့ ဒီမဲတွေရအောင် ဆောင်ရွက်သွားမှာဖြစ် ပါတယ်"
ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၂၀ သာ လိုတော့တာဖြစ်လို့ မုံရွာမြို့နယ်အတွင်းက ကျေးရွာတွေ မှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေကြပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ စတဲ့ ပါတီ ၅ ခုက ဝင်ရောက်အရွေးချယ်ခံကြမှာဖြစ်ပါတယ်။
မုံရွာမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၁၇၀ ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်း ငါးသောင်းနီးပါးရှိတယ်လို့ သိရပါတယ်။









