ကိုယ်စားလှယ်တာဝန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်း ကြန့်ကြာနေရတဲ့အကြောင်းရင်း မေးခွန်းထုတ်
2019.01.28
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရေးဆွဲပြီးဖြစ်ကြောင်းနဲ့ လွှတ်တော်ရဲ့ လမ်းညွန်ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းဖို့ ကြန့်ကြာနေတာလဲဆိုတာကို မေးမြန်းရာမှာ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး က ဖြေကြားခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဲဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲနေတာတွေကြောင့် ဆိုင်းငံ့ထားဖို့ လွှတ်တော်က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်လို့ ဦးသန်းဌေး က ပြောခဲ့တာပါ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကတော့ ဥပဒေကြမ်းတင်ရေးဟာ ကော်မရှင်ရဲ့ တာဝန်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းတာဝန်မဟုတ်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၇ မှာ ပြည်ထောင်စုလွှတ်တော်ဟာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာကိစ္စရပ်တွေ၊ တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စတွေမှာ လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းရမယ်လို့ ပြဌာန်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။









