ပါတီက ထုတ်ပယ်လိုက်သူများထံ အကြောင်းကြားစာများ ပေးပို့

0:00 / 0:00

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး အသိပေးအကြောင်းကြားစာတွေကို ဒီနေ့ ပေးပို့လိုက်ပါတယ်။

ပါတီက ပေးပို့တဲ့ အကြောင်းကြားစာကို လက်ခံရရှိထားကြောင်းနဲ့ ပါတီဖဲ့ွစည်းပုံစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပါတီတာဝန်ယူထားသူတွေက အခုလို ဆောင်ရွက်တာကို အသိအမှတ်မပြုကြောင်း ဦးဇော်မြင့်ဖေ က ပြော ပါတယ်။

"ဒီနေ့တော့ သူတို့ ကျနော်တို့ကို ထုတ်တဲ့အပိုင်းပေါ့ဗျာ၊ အနားပေးတယ်ဆိုတဲ့အပိုင်း လုပ်လိုက်တာ၊ အခုပါတီခေါင်းဆောင်မှုအပိုင်းကလည်းပဲ တရားဝင်တက်ထားတဲ့သူတွေမဟုတ်ပါဘူး၊ သူတို့ဟာ သြဂုတ်လ ၁၂ ရက်နေ့ညက ပါတီဌာနချုပ်ကို အတင်းသိမ်းပိုက်ပြီးတော့ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းဆိုတော့ ပါတီညီလာခံကဖွဲ့တာလည်းမဟုတ်၊ ပါတီဗဟိုကောင်မတီက တာဝန်ပေးတာလည်းမဟုတ်တဲ့အတွက် သူတို့ဟာတရားဝင်အဖွဲ့အစည်းလို့ ကျနော်တို့က သတ်မှတ်ရတာ အင်မတန်ခက်ပါတယ်၊ သာမန်ပါတီ မဟုတ်တဲ့ တချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ပါတီတစ်ရပ်ကို ဒီလိုဂိုဏ်းဂဏနဲ့ လွှမ်းမိုးနေတဲ့ အုပ်စုတစ်စုကနေပြီးတော့ ဒီလိုမင်းမဲ့စရိုက်နဲ့ တရားမဲ့ပြုကျင့်လိုက်တယ်လို့ပဲ ကျနော်တို့က ခံယူပါတယ်၊ ကျနော့်အနေနဲ့ သူတို့ကို အသိအမှတ်မပြုသလို ကျနော်တို့အပေါ်မှာ ဆောင်ရွက်ချက်တွေကလည်း အသိအမှတ်မပြုကြောင်း၊ ကျနော် စိုးရိမ်တာက ကျနော်တို့ပါတီကြီး ချောက်ထဲကျသွားမှာကိုပဲ ကျနော်ကြောက်တယ်"

ထုတ်ပယ်ခံရတဲ့ ပါတီဝင် ၁၇ ဦးထဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးဇော်မြင့်ဖေ၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေလည်း ပါဝင်ပါတယ်။

အဲ့ဒီကော်မရှင်မှာ ဦးစောလှထွန်း၊ ဦးကြည်သာ၊ ဦးဝင်းသန်း၊ ဦးတင်မောင်ဦး၊ ဦးမောင်တိုး၊ ဦးအေးမောက် စတဲ့ USDP က ကိုးဦး ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက အဲ့ဒီအချိန်မှာ ပါတီပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ကနေဖယ်ရှားပြီး ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် အစားထိုးခန့်အပ်ပြီးနောက် USDP ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအဖြစ်ကနေ ဖယ်ရှားခံလိုက်ရသူတွေဟာ သာမန်ပါတီဝင်တွေအဖြစ် ဆက်ရှိနေရာကနေ ပါတီဝင်အဖြစ်ကနေ ထပ်မံထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ဦးဇော်မြင့်ဖေ ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။