နာကူယာဉ်တွေ လိုင်စင်မဲ့ဖြစ်ပေမယ့် ဆက်သုံးမည်

0:00 / 0:00

ဧရာဝတီတိုင်းဒေသကြီးအစိုးရက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူမယ်လို့ ကြေညာထားပေမယ့် လူမှုကူညီရေးအသင်းတွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ လူနာတင်ယာဉ်တွေ၊ နာရေးကူညီမှုယာဉ်တွေကို ဆက်လက်အသုံးပြုသွားမယ်လို့ လူမှုကူညီရေးအသင်းများ ကွန်ရက်က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အများပြည်သူတွေ ကျန်းမာရေးနဲ့ နာရေးပို့ဆောင်ရာမှာ အခက်အခဲဖြစ်နေတာကြောင့် ဒီနေ့ကစပြီး ပြန်အသုံးပြု သွားမှာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းများကွန်ရက် ယာယီက ဦးဆောင်ကော်မတီဝင် ဦးမျိုးဝင်းအောင် က ပြောပါတယ်။

"ကျနော်တို့ မနေ့ကအထိ ရပ်ဆိုင်းထားတာပေါ့၊ ဒါပေမဲ့ မနေ့တုန်းက ဧရာဝတီတိုင်းမှာရှိတဲ့ ၁၈ မြို့နယ်ကလာတဲ့ လူမှုရေးအသင်းပေါင်း ၅ဝ ခန့်က ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာ ပြည်သူတွေပဲ ဒုက္ခရောက်တယ်ဆိုပြီးတော့ ဒါတွေကို ဆက်ပြီးတော့ ၃ ရက်နေ့ကစပြီး ကူခိုင်းပါပြီ၊ ဒီနေ့မနက်ကစပြီး အသုံးပြုနေပါပြီ၊ ကားတွေကိုလေ" လို့ ပြောတာဖြစ်ပါတယ်။

အသင်းအဖွဲ့တွေ အသုံးပြုနေတဲ့ယာဉ်တွေဟာ အလှူရှင်တွေရဲ့ လှူဒါန်းမှုကြောင့် ရရှိတာဖြစ်ပြီး ငွေကြေးရန်ပုံငွေ အခက်အခဲကြောင့် တရားဝင်ဖြစ်ဖို့ လိုင်စင်မလုပ်နိုင်တာဖြစ်တယ်လို့လည်း လူမှုရေးအသင်းတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရက စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တိုင်းအတွင်း တရားမဝင်ယာဉ်တွေကို လက်ဝယ်ထားတာ၊ မောင်းနှင်တာ မလုပ်ဖို့ တွေ့ရှိခဲ့ရင် အရေးယူမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြစ်မှုထင်ရှားရင် ထောင်ဒဏ်သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

လူမှုကူညီရေးအသင်းတွေဟာ စက်တင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ နာရေးပို့ဆောင်ပေးတဲ့ အခါ မော်တော်ယာဉ်တွေကို အသုံးမပြုဘဲ လူတွေကိုယ်တိုင် ထမ်းပြီး သုဿာန်ကို ပို့ဆောင်နေကြ ရတာဖြစ်ပါတယ်။

အဲ့ဒီအခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီး တရားဝင် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုသွားမယ်လို့လည်း မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ထားကြပါတယ်။

လူမှုကူညီရေးအသင်းများကွန်ရက် ယာယီက ဦးဆောင်ကော်မတီဝင် ဦးမျိုးဝင်းအောင်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။