ရာထူးတိုးမူဝါဒ ဆွေးနွေးပွဲ UTA ကန့်ကွက်


2017-11-14
Share
uta-notice-622.jpg နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် တက္ကသိုလ်ဆရာ/ဆရာမများအသင်းရဲ့ ကြေညာချက်ကို တွေ့ရစဉ်
Photo: UTA
နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ရာထူးတိုးမူဝါဒ အစည်းအဝေးကို တက္ကသိုလ်ဆရာ ဆရာမများအသင်း UTA က ကန့်ကွက်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အစည်းအဝေးမတိုင်ခင်ကတည်းက ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်ပြီးသား ရာထူးတိုးမူဝါဒတွေကို အသိပေးတဲ့ သဘောဖြစ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ တက္ကသိုလ်ဆရာ ဆရာမများအသင်း ကိုယ်စားပြုကော်မတီ က ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။
"ရာထူးတိုး မူဝါဒဇယားဆိုပြီးတော့မှ ညွှန်ချုပ်က စာရွက်တွေအကုန်လုံးဝေတာ။ အဲဒီဝေထားတဲ့ မူအတိုင်း ပဲ ဒီနှစ်ဆုံးဖြတ်ထားတယ်ဆိုတဲ့ဟာကို ဝန်ကြီးရော၊ ညွန်ချုပ်ရေး ပြောပါတယ်။ ကျနော်တို့ကို အစည်းအဝေးသဘောအရ အသိပေးတဲ့သဘောဆန်တယ်။ ဆွေးနွေးပွဲသဘောမဆန်တဲ့ သဘောဖြစ်နေ တယ်။ ဒါက အာဏာရှင်အဆင့်ဆင့်က ဖြစ်ထွန်းခဲ့တဲ့နည်းနာတွေဖြစ်တယ်။ ဆွေးနွေးပွဲကို ဟန်ပြ ဆွေးနွေးပွဲတွေလုပ်တယ်။ ရီပို့တွေတက်သွားတယ်။ နောက်ပြီးတော့ ဘယ်အဖွဲ့အစည်းက ပါဝင်ပြီး ဖြစ်တယ်ဆိုတဲ့ သဘောတူညီချက်ယူတဲ့ အစည်းအဝေးပွဲဖြစ်တယ်။ ဝန်ကြီးကလည်း ဒီနှစ်မှာ တန်းစီထားတဲ့ မူအတိုင်းဘဲ တန်းစီဇယားအတိုင်းဘဲ ထွက်ပါ့မယ်လို့ ပြောသွားတယ်။ ဒါဆိုလို့ရှိရင် နဂိုကတည်းက သဘောတူပြီးသားဆိုတဲ့ အဖြေက ထွက်လာတယ်။"

အစည်းအဝေးကို နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး တရားဝင်ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ဆရာ/ ဆရာမများအသင်းကို ဖိတ်ကြားတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရာထူးတိုးမူဝါဒကို သတ်မှတ်တဲ့အခါမှာ သုတေသန ဆရာ/ဆရာမတွေအတွက် မပါတာ၊ တန်းစီးဇယားစနစ် အတိုင်းပေးမယ်ဆိုရင် မတရားတာတွေ ဖြစ်လာနိုင်တာ၊ တက္ကသိုလ်ရဲ့ပါမောက္ခချုပ်တွေ၊ ပါမောက္ခတစ်ယောက်ရဲ့ အမှတ်ပေးစနစ်တွေက ပွင့်လင်းမြင်သာမှု မရှိနိုင်တာတွေကြောင့် ကန့်ကွက်ကြတာဖြစ်ပါတယ်။
ရာထူးတိုးအပြောင်းအရွှေ့ကိစ္စဟာ ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် ဖြစ်ပေါ်လာတာကြောင့် ပညာရေးဝန်ကြီးဌာန အနေနဲ့ ဗဟိုချုပ်ကိုင်မှု စနစ်ကို လျှော့ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ်တွေ အမြန်ဆုံးပေါ်ပေါက် လာအောင် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အဆင့်မြင့်ပညာရေးဥပဒေ၊ တက္ကသိုလ်ပဋိညာဉ်တွေကို ရေးဆွဲမယ့် ဥပဒေတွေရေးဆွဲတဲ့အခါမှာလည်း ဆရာ/ဆရာများအသင်းက ကိုယ်စားလှယ်တွေ ပါဝင်ရမှာဖြစ်ပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ အားထုတ်ရေးဆွဲ ရမယ့် အချိန်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ရာထူးတိုးနဲ့ အပြောင်းအရွှေ့ဆွေးနွေးပွဲဟာ လက်တွေ့မှာ အကျိုးကျေးဇူး မဖြစ်ဘဲ နိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအရွေ့ကို ဆန့်ကျင်တဲ့သဘောသက်ရောက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့