ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်မှာမဟုတ်လို့ ဦးသိမ်းဝေ ပြောကြား

Serge Pun and Associates စီပွားရေးအဖွဲ့ ရဲ့ ဥက္ကဌ Mr. Serge Pun ခေါ် ဦးသိမ်းဝေ က လာမယ့် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်လိမ့်မယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆခြင်း မရှိပါဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၆ နှစ်ပြည့် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပရာ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်ပြောကြားစဉ် Photo: Kyaw Zaw Win, Kyaw Htoon Naing/ RFA

Serge Pun and Associates စီပွားရေးအဖွဲ့ရဲ့ ဥက္ကဌ Mr. Serge Pun ခေါ် ဦးသိမ်းဝေ က လာမယ့် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်လိမ့်မယ်လို့ သူ့အနေနဲ့ ထင်မြင် ယူဆခြင်းမရှိပါဘူးလို့ ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ရှိ CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံ တကာ လေ့လာရေးဌာနမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဝန်းကျင်ဆိုတဲ့ အမည်နဲ့ မနေ့က ကျင်းပ တဲ့ဟောပြောပွဲမှာ သူက အခုလို ပြောကြားခဲ့တာဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ရင် လည်း ရွေးကောက်ပွဲကို လက်ရှိအစီအစဉ်အတိုင်း ဆက်လက်ကျင်းပမှာဖြစ်တဲ့အတွက် လွှတ်တော် အတွင်းကနေ သူမလက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံ အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ ပြင်ပ သို့မဟုတ် လွှတ်တော်ရဲ့ ပြင်ပကနေပြောနေလို့ ဘာမှအကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ အဲဒီအဝန်းအဝိုင်း အတွင်းထဲကသာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လို့ ဦသိမ်းဝေကပြောကြားခဲ့ပါတယ်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးနဲ့ ပတ်သက်လို့ RFA က မေးမြန်းရာမှာတော့ မြန်မာပြည်မှာ အနည်းဆုံးလုပ်ခလို့ပြောတဲ့အခါ အလုပ်သမားတွေကို အလုပ်ရှင်က နေ့လယ်စာကျွေးပြီး အကြိုအပို့လုပ်ပေးရတာတွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်တယ်လို့ပြောပါတယ်။

အလုပ်သမားတွေကတော့ ထုံးစံအတိုင်း ပိုလိုချင်ကြတာပေါ့။ ဒါကိုမှားတယ် မှန်တယ်လို့ မပြောလိုပါဘူး။ မိမိတို့ အမြင်ကတော့ ဒီအချိန်ဟာအလုပ်အကိုင်တွေများများ ပေါ်ပေါက်လာအောင် ဖန်တီးဖို့ဖြစ်ပါတယ်။ အလုပ်အကိုင်ရရှိရေးဟာ လုပ်ခလစာပိုမိုရရှိရေးထက် အင်မတန်ပိုပြီး အရေးကြီးပါတယ်လို့ ဖြေကြားပါတယ်။

လွတ်တော်အတွင်း တပ်မတော်က ၂၅ % နေရာယူထားတာနဲ့ ပတ်သက်လို့တော့ တိုင်းပြည် မတည်ငြိမ်ရင် ဒီမိုကရေစီစနစ်ကို အကျိုးပြုမှာမဟုတ်ပါဘူး။ သူ့အနေနဲ့တော့ တိုင်းပြည်တည်ငြိမ်ဖို့ စစ်တပ်ကနေရာယူထားတာဟာ အဆိုးထက်အကောင်းဖက်ကများပါတယ်။ သူတို့စီးပွားရေးသမားတွေဟာ တိုင်းပြည်မတည်ငြိမ်မှာကို အင်မတန်စိုးရိမ်ကြပါတယ်လို့ပြောကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org