၀ ဒေသမှာ မူးယစ်မှောင်ခိုအဖွဲ့ဝင် ခြောက်ဦးကို အသေဖမ်းမိ

မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် ခြောက်ဦးကို ထိုင်း-မြန်မာနယ်စပ်အနီး ရှမ်းပြည်အရှေ့ပိုင်း UWSA "ဝ" တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ အသေဖမ်းဆီးရမိတယ်လို့ UWSA လားရှိုးရုံးဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ၀ ထိန်းချုပ်နယ်မြေ ၁၇၁ စစ်ဒေသ ဟွေ့အော်မြို့နယ်အနီးမှာ စိတ်ကြွဆေးပြားပေါင်း သိန်းပေါင်း ၃၀ နဲ့ လက်နက်အချို့ကို မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီထဲက ခြောက်ဦးကိုတော့ အသေဖမ်းဆီးရမိပြီး တစ်ဦးကို အရှင်မိခဲ့တာလို့ UWSA လားရှိုးရုံးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၁ ရက်နေ့က ဖမ်းဆီးရမိမှုရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

တောထဲမှာ မူးယစ်မှောင်ခိုသမားတွေ ကျန်နေသေးပြီး ၀ တပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ ၀ တောင်ပိုင်းဒေသဟာ ထိုင်းနဲ့ကီလိုမီတာ လေးရာလောက်အထိ ထိစပ်နေတာဖြစ်ပြီး အသေးစိတ်နယ်မြေရှင်းလင်းနိုင်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ဦးညီရမ်းက ပြောပါတယ်။

မူးယစ်မှောင်ခိုသမားတွေဟာ မြန်မာ-ထိုင်း နယ်စပ် ၀ တောင်ပိုင်း ၁၇၁ ဒေသကိုဖြတ်ပြီး ထိုင်းနိုင်ငံကို မူးယစ်ဆေးပို့မယ်ဆိုတဲ့ သတင်းတွေကို ကြိုတင်ရခဲ့တာကြောင့် အောက်တိုဘာ ၁ ရက်နေ့က ဟွေ့အော်မြို့နယ် နမ့်ယွန်းကျေးရွာအနီးမှာ မသင်္ကာသူတွေကိုတွေ့လို့ လိုက်လံဖမ်းဆီးတာမှာ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူတစ်ဦး၊ ဖမ်းဆီးရမိသူ ရှစ်ဦး စုစုပေါင်း ဆယ့်တစ်ဦးကို သေနတ်တစ်လက်၊ စိတ်ကြွဆေးပြား ၁၈ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ၀ အဖဲ့ွ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရင်ဖြစ်စဉ်တွေမှာတော့ ဖမ်းဆီးရမိသူတွေကို အစိုးရကို လွှဲပြောင်းပေးလေ့ရှိပေမယ့် ဒီတစ်ခေါက်ကတော့ စစ်ဆေးနေဆဲဖြစ်ပြီး၊ ၀ ထိပ်ပိုင်းခေါင်းဆောင်တွေက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိရသေးဘူးလို့ ဦးညီရမ်းက ဆိုပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)