NCA နဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေး အပေါ်အမြင်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ PPST အစည်းအဝေးမှာ KNU ဥက္ကဋ္ဌ မူးတူးစေးဖိုးက လက်ရှိ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု အခြေအနေဟာ NCA လမ်းကြောင်းကနေ သွေဖယ်သွားပြီလို့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
-
2019-03-07 -
-
-
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉ မတ်လ ၅ ရက်နေ့ကကျင်းပတဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံပွဲမှာ တွေ့ရစဉ်
Photo: Aung Moe Myint/RFA
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ PPST အစည်းအဝေးမှာ KNU ဥက္ကဋ္ဌ မူးတူးစေးဖိုးက လက်ရှိ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု အခြေအနေဟာ NCA လမ်းကြောင်းကနေ သွေဖယ်သွားပြီလို့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီလို ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးလေ့လာသူတွေအမြင်ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က စုစည်းတင်ပြထားပါတယ်။
■ လေးလကြာမကျင်းပဖြစ်ခဲ့တဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ဖွဲ့တို့ တွေ့ဆုံပွဲမှာ KNU ရဲ့ ဥက္ကဋ္ဌလည်းဖြစ် PPST ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တက်ရောက် မိန့်ခွန်းပြောကြားရာမှာ NCA လမ်းကြောင်း သွေဖယ်သွားပြီလို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
“လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်ထည်ဖော်မှုလမ်းကြောင်းဟာ မူလက ကျနော်တို့ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖယ်သွားပြီ ဖြစ်ပါတယ်၊ ဒါကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ပြီး ပြန်လည်တည်မတ်ဖို့ အထူးလိုအပ်ပါတယ်”
KNU ၊ RCSS လို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ခု ပါဝင်လက်မှတ်ရေးထိုးတားတဲ့ NCA လမ်းကြောင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ တကယ်သွေဖယ်သွားနေသလား၊ ငြိမ်းချမ်းရေးစာချုပ် ပျက်ပြယ်သွားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ဆက်ဆံရေး တင်မားမှုတွေ ပြန်ဖြစ်လာမလားဆိုတာ စိုးရိမ်မူတွေ ရှိလာပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဟာ မိန့်ခွန်းမဖတ်ခင်မှာ သူသဘောထားမဟုတ်ဘဲ မိန့်ခွန်းရေးသားထားတာကို ဖတ်ကြားတာလို့ ပြောတာကြောင့် သူသဘောထားလို့ မယူဆကြောင်းဘူးလို့ ပြောပါတယ်။
လက်ရှိအခြေအနေဟာ NCA လမ်းကြောင်းကနေ သွေဖယ်တာမဟုတ်ဘဲ ရပ်တန့်နေတာလို့ ရှုမြင်ကြောင်း ဗိုလ်မှူးခွန်ဥက္ကာက အခုလိုပြောပါတယ်။
“ကျနော်ကတော့ NCA လမ်းကြောင်း တိမ်းစောင်းသွားတယ်လို့ မမြင်ပါဘူး NCA လမ်းကြောင်းက ခဏရပ်တန့်နေတာပါ၊ လမ်းကြောင်းတိမ်းသွားတယ်ဆိုရင် ကျနော်တို့ပြုပြင်ရမှာပေါ ပိတ်ဆိုနေတယ်ဆိုရင် ပိတ်ဆိုနေတဲ့ဟာကို ဖယ်ရှားရမှာပေါ အဲဒီမူတော့ရှိပါတယ်၊ ဒါကြောင့်ခုချိန်မှာ လမ်းကြောင်းကိစ္စကို မဆွေးနွေးကြပါဘူး”
NCA လမ်းကြောင်းပေါ်ကနေ ထွက်သွားမယ်ဆိုရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်ပြီး NCA လမ်းကြောင်းအတိုင်း ညှိနှိုင်းဆောင်ရွက်သွားသင့်တယ်လို့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ NCAထဲမှာ ပြန်လည်ညှိနှိုင်းမှုလည်းမလုပ်ဘူး တယောက်တပေါက်ပြောဆိုပြီး ထွက်သွားကြမယ်ဆိုရင် စစ်ပြန်တိုက်ကြဖို့ပဲရှိတယ်၊ အဲဒါလို့ဆိုရင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးလမ်းကြောင်းက ဖြေရှင်းရေးဆိုတဲ့ အခြေခံလမ်းကြောင်း ပျက်သွားပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားလိမ့်မယ်၊ အဲအခြေအနေ မရောက်ဖို့လိုပါတယ်၊ တဖွဲ့ချင်းမှာ မတူတဲ့အချက်တွေ ပြောနေမယ်အစား အဖွဲ့အားလုံးစုစည်းပြီး နိုင်ငံရေးနည်းအရ စနစ်တကျဖြေရှင်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တကယ်လို့ချင်တဲ့ အဖွဲ့အစည်းဆို ထွက်စရာမလိုဘဲ အဲအထဲမှာ ညှိနှိုင်းဖို့လိုပါတယ်”
လက်ရှိ NCA လမ်းကြောင်းအတိုင်းဆွေးနွေးကြရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေမြင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ တပ်မတော်နဲ့ အစိုးရကမြင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီက တမျိုးစီဖြစ်နေပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီကိုသွားဖို့ နည်းလမ်းရှာဆွေးနွေးတာတွေ ပြုလုပ်သင့်တယ်လို့လည်း KNU တာဝန်ရှိသူတွေက RFA နဲ့ အင်တာဗျူးတစ်ခုမှာ ပြောထားခဲ့ဖူးပါတယ်။
NCA စာချုပ်အကောင်အထည်ဖော်တဲ့ကိစ္စတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အမြင်ချင်းမတူဘဲ ဆွေးနွေးစရာတွေရှိတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
NCA လမ်းကြောင်း ပြန်လည်တည့်မတ်စေဖို့ရည်ရွယ်ပြီး KNU နဲ့ RCSS ဥက္ကဌ ၂ ဦးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ ၁၁ နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင် တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ ဒီလိုပူပန်မှုတွေ ရှိတဲ့အပေါ် RCSS နဲ့ KNU တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။
ဒီနေ့ ဒုတိယနေ့ PPST အစည်းအဝေးမှာ KNU နဲ့ RCSSက ဆွေးနွေးဖို့တင်ပြတဲ့ NCA လမ်းကြောင်းကိစ္စကို မဆွေးနွေးဖြစ်ဘဲ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အငြင်းပွားဖွယ်ဖြစ်နေတဲ့ အချက်တွေကို ဆွေးနွေးဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။