ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့မိုင်းရယ်မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့SSPP/SSA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မကျေးရွာအုပ်စုက ဒေသခံတွေ သီပေါနဲ့လားရှိုးမြို့တွေကို ထွက်ပြေး လာနေကြပါတယ်။
ဒီလိုထွက်ပြေးရာမှာ သီပေါမြို့ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲက ကျောင်းမိုင်ကျေးရွာမှာ ပိတ်မိနေ သူ နှစ်ရာလောက်အထိ ရှိနေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ နမ့်ပေါင် တိုက်နယ်ကျေးရွာက SNLD ပါတီဝင် ကိုစိုင်းလှထွေး က ပြောပါတယ်။
"ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေက နှစ်ရာကျော်ပေါ့နော်၊ နမ့်ပေါင်အုပ်စု ကျောင်းမိုင်ကျေးရွာမှာ ပိတ်မိနေတယ်"
တိုက်ပွဲကြောင့် လားရှိူး မန်ဆူကျောင်းမှာ ဒုက္ခသည်တစ်ရာလောက်ရောက်နေပြီး သီပေါကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကတော့ နမ္မအုပ်စုကျောင်းမိုင်ရွာမှာ ပိတ်မိနေတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် မန်လုံ၊ နောင်လွေး၊ နားနန်း စတဲ့ကျေးရွာတွေက ဒုက္ခသည် တစ်ထောင်ဝန်းကျင်လောက်လည်း ထွက်ပြေးနေကြရပါတယ်။
သီပေါဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို သီပေါမြို့က အရပ်ဘက်အဖွဲ့အစည်းတွေ က သွားရောက်ခေါ်ဆောင်ဖို့ဆောင်ရွက်နေပေမယ့် တိုက်ပွဲအခြေနေကြောင့် သွားလို့မရဘူးဖြစ်နေတယ် လို့သိရပါတယ်။