ရခိုင်ကျေးရွာသားတွေ ဘူးသီးတောင်မြို့မှာ ခိုလှုံ


2016.10.13
maungtaw-refugees-620.jpg ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သုဓမ္မာရုံဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရွာသားတွေကို အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ: ဆရာတော် အရှင်သာဂရ

လုံခြုံရေးစိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေကနေ ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာသူအရေအတွက်ဟာ ထပ်တိုးလာနေပြီး ဒီကနေ့ ညနေပိုင်းအထိ လူဦးရေ ၁၈ဝ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

တိမ်းရှောင်လာသူတွေဟာ အစိုးရဘက်က လုံခြုံရေး အမြဲတမ်း မပေးနိုင်တဲ့ ရွာတွေဘက်ကဖြစ်ပြီး သူတို့ကို ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်းတိုက်မှာ ယာယီနေရာချပေးထားတယ်လို့ ကျောင်းထိုင်ဆရာတော် အရှင်သာဂရက မိန့်ပါတယ်။

"အဲဒီ အောင်မင်္ဂလာတို့ အောင်ဇေယျတို့မှာ လုံခြုံရေးတွေက အစဉ်အမြဲမရှိဘူး၊ သူတို့တွေက ဟိုရွာမှာဖြစ် ဟိုရွာကိုပြေးရ၊ ဒီရွာမှာဖြစ် ဒီရွာကို ပြေးရနဲ့၊ အဲဒီအခါကျတော့ သူတို့တွေ ဘယ်လိုမှ သူတို့ရဲ့ အသက် အိုးအိမ်ကို လုံခြုံစိတ်ချလို့မရတဲ့ အခါကျတော့ သူတို့ လုံခြုံတဲ့နေရာကို ထွက်ပြေးတဲ့ သဘောရှိတယ်"

တိမ်းရှောင်လာသူတွေဟာ မောင်တောမြို့နယ် အောင်မင်္ဂလာ၊ အောင်ဇေယျ၊ ဖားဝပ်ချောင်း၊ အောင်ဗလ နဲ့ မောရဝတီရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားနပ်ရိက္ခာတွေအတွက် ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အကူအညီတွေပေးဖို့ပြင်ဆင်နေကြပါတယ်။

မောင်တောမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖမ်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ရာမှာ မနေ့ကအထိ အကြမ်းဖက်သမားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အိမ်ထောင်သည် လိုင်းခန်းကို မနေ့မနက်ပိုင်းက အကြမ်းသမား ၅ ဦးလောက်က တောင်ကုန်းကနေ လက်နက်ငယ်တွေနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့တာကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့ရပါတယ်။

တပ်မတော်ရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားတွေက ဆုတ်ခွာထွက်ပြေးခဲ့ပေမယ့် ဝါးပိတ်ကျေးရွာ မှာရှိတဲ့ နေအိမ်တွေကို မီးရှို့သွားခဲ့တာကြောင့် နေအိမ် ၂၅ လုံးလောက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။