ရိုဟင်ဂျာတွေကို လွန်ခဲ့တဲ့ လေးနှစ်က ကျူးလွန်သူတွေပဲ ဆက်လက်အကြမ်းဖက်နေ

2021.08.26
ရိုဟင်ဂျာတွေကို လွန်ခဲ့တဲ့ လေးနှစ်က ကျူးလွန်သူတွေပဲ ဆက်လက်အကြမ်းဖက်နေ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇ စက်တင်ဘာ ၉ ရက်နေ့က တွေ့ရစဥ်
Photo: AFP

ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ခုနှစ်တုန်းက အကြမ်းဖက်ခဲ့ကြတဲ့ ခြေမြန်တပ်ဖွဲ့တွေကပဲ အာဏာသိမ်းပြီးချိန် ကစလို့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် ဒုက္ခပေးနေကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးအောင် စတင်စစ်ဆင်ပြီး လေးနှစ်အကြာမှာ မြန်မာနိုင်ငံဟာ ပိုလို့တောင် အန္တရာယ် ကြီးမားတဲ့ အကာအကွယ်အမဲ့ဆုံး မတည်ငြိမ်တဲ့ ကာလသစ် တစ်ရပ်ကို ရောက်လာတယ်လို့ USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာလကော်မရှင်ကလည်း မနေ့က ပြောကြားလိုက်ပါတယ်။

ဒီလို မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လေးနှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို အွန်လိုင်းကမနေ့က ကျင်းပပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီက မစ္စယန်ဟီလီ၊ မစ္စတာ မာဖူကီ ရာရူစမန်၊ ရိုဟင်ဂျာ လူ့အခွင့်ရေးလှုပ်ရှားသူတွေ နဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ တက်ရောက်ပါတယ်။

မြန်မာနိုင်ငံမှာ၂၀၁၇ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ရပ်တွေဟာ ရုတ်တရက် ပေါ်ပေါက်လာတာမဟုတ်ဘဲ ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မှာ လူမျိုးရေး မုန်းတီးမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ အုပ်ချုပ်သူ အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိတာနဲ့ သက်ဆိုင်သူတွေကို အပြစ်ပေးအရေးယူ တာတွေ မရှိတဲ့အတွက် ပိုမိုပြင်းထန်တဲ့ သတ်ဖြတ်မှုအဖြစ် ကြီးထွားလာတာလို့ မစ္စယန်ဟီလီက ပြောသွား ပါတယ်။ လက်ရှိ အချိန်မှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ဆက်လက်ဖိနှိပ်နေပြီး ကိုဗစ် ၁၉ ကပ်ရောဂါကို လက်နက်အဖြစ် အသုံးပြုဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။