အကြမ်းဖက်တာ မဟုတ်ကြောင်း ဝန်ကြီး ဦးရဲထွဋ် ပြောကြား
ဆန္ဒပြကျောင်းသားတွေကို လိုအပ်ချက်အရ အင်အားသုံးဖြေရှင်းတာဖြစ်ပြီး အကြမ်း ဖက်တာမဟုတ်ကြောင်းနဲ့ အရပ်သားတွေ ကို အသုံးပြုတာဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနဲ့အညီ ကျင့်သုံးတာဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန် ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
-
2015-03-06 -
-
-
Your browser doesn’t support HTML5 audio
ဆန္ဒပြကျောင်းသားတွေကို လိုအပ်ချက်အရ အင်အားသုံးဖြေရှင်းတာဖြစ်ပြီး အကြမ်းဖက်တာမဟုတ်ကြောင်းနဲ့ အရပ်သားတွေကို အသုံးပြုတာဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနဲ့အညီ ကျင့်သုံးတာဖြစ်ကြောင်း သမ္မတရဲ့ ပြော ခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်ထဲမှာ ကျောင်းသားတွေ ဆွေးနွေးခွင့်ရနေချိန်မှာ ဆန္ဒပြတာတွေကို ဆက်လုပ်နေမယ်ဆိုရင် မလွဲှမရှောင်သာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိလာမှာဖြစ်ကြောင်းနဲ့ စိတ်မကောင်းစရာလို့ ပြောရမှာဖြစ်ကြောင်း မနေ့က မြို့တော်ခန်းမရှေ့က ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင်ပုံစံမျိုး အရပ်ဝတ်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ဆက်စပ်ပြီး မေးမြန်းရာမှာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောတာဖြစ်ပါတယ်။
"ဥပမာဆိုပါတော့ ပညာရေးဥပဒေကိစ္စဆိုရင် လွှတ်တော်ထဲမှာ ဆွေးနွေးနေပြီဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကျောင်သားတွေ ဆန္ဒပြမယ့်အစား လွှတ်တော်မှာသွားပြီးတော့မှ မိမိတို့ရဲ့အယူအဆတွေကို ပြည် သူ့လွှတ်တော်ရဲ့ကိုယ်စားလှယ်တွေက လက်ခံနိုင်အောင်သွားပြီးတော့ ကြိုးစားဖို့အခွင့်အရေးလည်း ရှိနေပြီ၊ လုပ်လို့လည်းရနေပြီ သို့သော် ဒါပေမယ့် ဆန္ဒပြမှုပဲလုပ်နေမယ်ဆိုရင်တော့ မလွဲမရှောင်သာ မနေ့ကဖြစ်သလိုမျိုး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမှာပဲ၊ ဒါစိတ်မကောင်းစရာဖြစ်လို့ပဲ ကျနော်တို့မြင် တယ်"
မနေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ရာမှာတော့ ကျောင်းသား ၅ ဦးနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ၃ ဦး စုစုပေါင်း ၈ ဦးပါသွားပြီး ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီနေ့မနက် လက်ပန်းတန်းမြို့မှာ ဆန္ဒပြကြတဲ့ ကျောင်းသား ၅ ဦးကိုလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေက အင်အားသုံးဖမ်းဆီးသွားခဲ့ပါတယ်။
သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။