စစ်ဖြစ်နေတဲ့ဒေသတွေမှာ မဲစာရင်းကောက်ယူဖို့ ကော်မရှင် ခက်ခဲနေ

0:00 / 0:00

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကြိုတင်ကောက်ယူနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က လာမယ့်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ဒီလကုန်မှာ အပြီး သတ်ကောက်ယူဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲစာရင်းမှားယွင်းမှုတွေကြောင့် ကော်မရှင်ဟာ ဝေဖန်မှုတွေခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမမှားအောင် ကြိုတင်ကောက်ယူနေတာလို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေ ကပြောထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှုနဲ့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့ တထပ်တည်းဖြစ်ရမယ်ဆိုတဲ့ အချက် ငါးချက်ပေါ် မူတည်ဆောင်ရွက်မယ်လို့ ဒီနှစ်ဆန်းမှာ ကျင်းပခဲ့တဲ့ မဲစာရင်းပြုစုခြင်းလုပ်ငန်း စတင်ဆောင် ရွက်ခြင်း အခမ်းအနားမှာ ကော်မရှင်အဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအရ မဲပေးခွင့်ရှိသူ ၃၄ သန်း ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)