ဒီနေ့ထွက်တဲ့ မဲစာရင်းများမှာ အမှားအယွင်းများ တွေ့ရှိနေဆဲ

0:00 / 0:00

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၁၃၀ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်းတွေကို ဒီနေ့ထုတ်ပြန်ရာ အမည်ထပ်နေတာတွေ၊ သေဆုံးသူတွေနဲ့ အသက်မပြည့်သူတွေ မဲစာရင်းမှာ ပါဝင်နေတယ်လို့ မဲစာရင်းစိစစ်ရေးအဖွဲ့တွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်က မဲပေးခွင့်ရှိသူစာရင်းတွေမှာ မှားယွင်းမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း မဲစာရင်းစိစစ်ရေးအဖွဲ့က ဦးနေမျိုးကျော်က မိသားစုလိုက် မဲစာရင်းမှာ မပါတာရှိတယ်လို့ ပြောပါတယ်။

"ကွက်သစ်ရပ်ကွက်ကဆိုရင် မိသားစုလိုက် မဲစာရင်းမှာ ပါမလာတာတွေ့ရတယ်၊ ရွာသစ်ရွာမှာဆိုရင် မဲစာရင်းမှာ နှစ်နေရာမှာ ပါနေတာမျိုးတွေရှိတယ်၊ မွေးသက္ကရာဇ်တွေက အတူတူတွေပဲဖြစ်နေတယ်၊ အချက်အလက်မှားယွင်းမှုတွေ၊ နာမည်မှားယွင်းမှုတွေ၊ သက္ကရာဇ်မှားယွင်းမှုတွေ၊ ကွယ်လွန်ပြီးဖြစ်တဲ့သူတွေ အမည်စာရင်းတွေပါနေတာတွေ၊ အမည်တွေထပ်နေတာတွေရှိတဲ့အတွက် မဲစာရင်းထွက်ရှိလာမှုအပိုင်းက အတော်ကိုလွဲချော်နေတာတွေ့ရတယ်"

အဲ့ဒီလိုမဲစာရင်းမှာ မှားယွင်းနေတာတွေအတွက် ပြင်ဆင်ပယ်ဖျက်ပေးဖို့ကိုတင်ပြဖို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ လျှောက်လွှာပုံစံ အဆင်သင့်မရှိဘူးလို့ သိရပါတယ်။

ကယား၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ် ၁၃၀ ကျော်မှာ ဒီနေ့ကစပြီး လာမယ့် ဇွန်လ ၂၁ရက်နေ့အထိ ၁၄ ရက်ကြာ မဲစာရင်းတွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။