စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေရပ်ဖို့ ဝမ်ပေါင်ကုမ္ပဏီကို သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေကို အားပေးအားမြှောက်လုပ်နေတာကြောင့် ပူးပေါင်းလုပ်ဆောင်နေတာတွေရပ်တန့်ဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၁၀ ရက်နေ့မှာ သတိပေးစာ ထုတ်လိုက်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို အခြေစိုက်စခန်းချခွင့်ပြုတာ၊ စစ်ကောင်စီတပ်သားတွေကို ကုမ္ပဏီပိုင်ကားတွေနဲ့ အကြိုအပို့လုပ်ပေးတာ၊ စားနပ်ရိက္ခာစီစဉ်ပေးတာ၊ ညအချိန်မှာ ဝမ်ပေါင်ကုမ္ပဏီကင်းတဲကနေ လမ်းပေါ်သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်ဖို့ ခွင့်ပြုတာ၊ အနီးအနားကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖို့ ခွင့်ပြုတာ စတာတွေကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကို အခုလို စစ်ကောင်စီနဲ့မပူးပေါင်းဖို့ သတိပေးတာ ထောက်ခံတယ်လို့ ဆားလင်းကြီးဒေသခံ မဇင်မာဦးက ပြောပါတယ်။

"အခုလို ဝမ်ပေါင်ကို သတိပေးတာ ကျွန်မတို့က ထောက်ခံတယ်၊ ဝမ်ပေါင်ကုမ္ပဏီထဲ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲပြီး အထဲကနေ အချိန်မရွေး စစ်ကြောင်းထိုးနေတာကြောင့် ကျွန်မတို့ဒေသခံတွေ အိမ်မှာကောင်းကောင်းမနေရဲဘူး၊ ထွက်ပြေးဖို့အထုပ်ပြင်နေရတယ်၊ ကုမ္ပဏီနားက ညောင်ပင်ကြီး-ဆားလင်းကြီးကားလမ်းဆို ဒေသခံတွေမသွားရဲဘူး၊ ကုမ္ပဏီထဲကနေ စစ်သားတွေက မထင်ရင်မထင်သလို သွားနေတဲ့ပြည်သူတွေကို ပစ်တာ"

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒေသအခြေစိုက် သပိတ်အင်အားစုတွေနှင့် ဒေသခံတွေ ပူးပေါင်းပြီး ဝမ်ပေါင်ကုမ္ပဏီအား စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်တာတွေရပ်ဖို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။ ( Photo : Chaw Su Han / Facebook )
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒေသအခြေစိုက် သပိတ်အင်အားစုတွေနှင့် ဒေသခံတွေ ပူးပေါင်းပြီး ဝမ်ပေါင်ကုမ္ပဏီအား စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်တာတွေရပ်ဖို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။ ( Photo : Chaw Su Han / Facebook )

ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုတွေကြောင့် ကျေးရွာပေါင်း ၁၃ ရွာ မီးရှို့ခံထားရသလို အိမ်ခြေ ၄၄၄ အိမ်ပျက်စီးပြီး အရပ်သား ၁၇ ဦးလည်း အသတ်ခံထားရတယ်လို့ ဆားလင်းကြီး ပ.အ.ဖ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက ကြေးနီတွေသယ်ယူတဲ့အချိန်နဲ့ တရုတ်နိုင်ငံသားတွေ ခရီးစဉ်ရှိတိုင်း လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်တွေကြောင့် ပုသိမ်-မုံရွာလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်တွေ ဝမ်ပေါင်ကုမ္ပဏီအတွင်း ဝင်ရောက်တဲ့အခါတိုင်း စစ်ကြောင်းထိုးမှာကို လက်ပံတောင်းဒေသခံတွေ စိုးရိမ်နေရတယ်လို့လည်း ဆားလင်းကြီး ပ.အ.ဖ ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဟာ ဩဂုတ်လ ၅ ရက်နေ့ကစပြီး ဝက်မှေးရွာက နေအိမ် ၃၅ လုံးအပါအဝင် ဘိုးဘွားပိုင်မြေများကို သိမ်းယူခဲ့သလို ညောင်ပင်ကြီးရွာရှည်ကျေးရွာက နေအိမ်တွေကိုလည်း သိမ်းပြီး ခြံစည်းရိုးခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို မရပ်တန့်ရင် အဆင့်ဆင့်အရေးယူသွားမယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၇ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်မှာ စီမံကိန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ ဒေသခံသပိတ်အင်အားစု ၁၇ ဖွဲ့က တောင်းဆိုထားပါတယ်။